- ပင်မစာမျက်နှာ
- ကားသတင်းများ
- Chery က အရောင်းပြခန်းများတွင် စက်ရုပ်အရောင်းဝန်ထမ်းများ စတင်အသုံးပြုပြီ
Chery က အရောင်းပြခန်းများတွင် စက်ရုပ်အရောင်းဝန်ထမ်းများ စတင်အသုံးပြုပြီ
- 766 views
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မကြာသေးမီက ကျင်းပခဲ့သော ကားပြပွဲကြီးရှိ Chery ၏ ပြခန်းနှင့် Chery အခြေစိုက်သော Wuhu မြို့တွင် ကျင်းပခဲ့သည့် အရောင်းပြပွဲတို့တွင် Mornine အမည်ရှိ စက်ရုပ်ကို နေ့တိုင်းတွေ့ခဲ့ရပြီး ပြပွဲလာသူတို့ အထူးစိတ်ဝင်စားခဲ့ကြသည်။
Chery ၏ နောက်ဆုံးထုတ် ကားမော်ဒယ်များကို လာရောက်လေ့လာသူ ၃၀၀၀ ခန့်အား ကူညီရှင်းလင်း ပြသခြင်း၊ ကား၏ ကြံ့ခိုင်မှုကို ပြသရန်အတွက် ခေါင်းချင်းဆိုင် ကားတိုက်မှု လက်တွေ့စမ်းသပ်ပြမှုတွင် ပါဝင်ခြင်း၊ Chery ၏ စက်ရုံသို့ လေ့လာရေးခရီးအပြင် ကားအမှတ်တံဆိပ်သစ်တစ်ခု မိတ်ဆက်ခြင်းတို့တွင် ပါဝင်ခဲ့သည်။
Mornine စက်ရုပ်သည် သိပ္ပံဆန်းကြယ်ရုပ်ရှင်များတွင် တွေ့ရသကဲ့သို့ အပြာရောင် မျက်မှန်၊ ရွှေရောင်ဆံပင်ရှည်၊ မိန်းမလှများကဲ့သို့ လှပပြေပြစ်သော နောက်ပိုင်းကောက်ကြောင်း အစရှိသည့် သွင်ပြင်လက္ခဏာများရှိပြီး Star Wars ရုပ်ရှင်ဇာတ်လမ်းတွဲများမှ မိန်းကလေးတစ်ဦးသဖွယ် မှတ်ထင်ရသည်။
Chery ၏ အရောင်းပြပွဲ ၄ ရက်မြောက်နေ့တွင် Chery International ၏ ဥက္ကဋ္ဌဖြစ်သူ Zhang Guibing က စင်မြင့်ထက်တွင် အမှာစကားပြောခဲ့မှုမှတစ်ဆင့် Mornine ၏အကြောင်းကို သတင်းထောက်များနှင့် အရောင်းပြပွဲလာကြသူများ သိရှိလာကြခြင်းဖြစ်သည်။
Chery က တစ်ပတ်ကြာကျင်းပခဲ့သည့် အရောင်းပြပွဲကို ရှန်ဟိုင်းမြို့၏ အနောက်ဘက် ၂ နာရီခရီးအကွာရှိ Wuhu မြို့မှ Chery ၏ အသစ်ဆောက်လုပ်ထားသော “အရောင်းဝန်ထမ်း training စင်တာ” တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။“AiMoga (Mornine ကို ထုတ်လုပ်သော ဌာနခွဲ) ဟာ Chery ကုမ္ပဏီရဲ့ အနာဂတ်အစစ်ပါပဲ” ဟု Zhang က ပြောသည်။
Chery က ၎င်း၏ စက်ရုပ်ထုတ်လုပ်သည့်ကဏ္ဍသည် အနာဂတ်တွင် ကားထုတ်လုပ်သည့်ကဏ္ဍကို ဖြတ်ကျော်သွားမည်ဟု ခန့်မှန်းထားသည်။
“ဈေးကွက်က ကြီးမားတယ်။ ဝေယျာဝစ္စအတွက်အပြင် အလုပ်အတွက်ပါ အထောက်အကူပြုမယ့် စက်ရုပ်တွေ ဖြစ်ပါတယ်”
Mornine ကဲ့သို့ စက်ရုပ်တစ်ရုပ်၏ ဈေးနှုန်းမှာ ကားတစ်စင်း ဈေးနှုန်းခန့်ရှိကြောင်း၊ သို့သော် စက်ရုပ်ဈေးကွက်မှာ ပိုမိုကြီးမားလာနိုင်ကြောင်း၊ အထူးသဖြင့် တစ်အိမ်လျှင် ကားတစ်စင်းနှုန်းရှိနေသည့် တရုတ်ပြည်တွင် ဈေးကွက်ကြီးမားကြောင်း Zhang က ပြောသည်။
၂၀၅၀ ပြည့်နှစ်သို့ ရောက်လျှင် စက်ရုပ်ဈေးကွက်၏ တန်ကြေးမှာ ကန်ဒေါ်လာ ၅၀ ထရီလီယံခန့်ရှိနိုင်ပြီး စက်ရုပ်များကြောင့် အလုပ်အကိုင်နေရာပေါင်း ၆၃ သန်းကျော် ကွယ်ပျောက်သွားဖွယ်ရှိကြောင်း Morgan Stanley ဘဏ်ကြီးက ခန့်မှန်းထားသည်။
Zhang က ပြပွဲလာ ပရိသတ်တို့အား အရောင်းပြခန်းများတွင် စက်ရုပ်များအသုံးပြုရန် တိုက်တွန်းခဲ့ပြီး ဈေးလျှော့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် မည်မျှ ဈေးလျှော့ပေးမည်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိချေ။Mornine စက်ရုပ်သည် ပြခန်းအတွင်း လိုက်လံပြသခြင်း၊ ဖျော်ရည်တိုက်ကျွေးဧည့်ခံခြင်း၊ ကားများ၏ specs များ ရှင်းပြခြင်းများ လုပ်ဆောင်နိုင်သည်။
(Mornine စက်ရုပ်သည် ကားများ၏ specification ရှင်းပြခြင်း၊ ဖျော်ရည်တိုက်ကျွေးခြင်းများ လုပ်ဆောင်နိုင်သည်။)
မလေးရှားရှိ အရောင်းပြခန်းများတွင် Mornine စက်ရုပ်များ စတင်အသုံးပြုနေပြီ ဖြစ်သည်။ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ အရောင်းဆိုင်များသို့ စက်ရုပ် ၂၂၀ ဖြန့်ဖြူးပေးမည်ဟု Chery က ကတိပြုထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: To sell its cars, China’s Chery turns to a robot named Mornine