- ပင်မစာမျက်နှာ
- ကားသတင်းများ
- Volkswagen Amarok ကနေ BYD Shark ပြောင်းစီးတဲ့ သြစတေးလျ အိမ်ခြံမြေ လုပ်ငန်းရှင် ဘာတွေပြောလဲ
Volkswagen Amarok ကနေ BYD Shark ပြောင်းစီးတဲ့ သြစတေးလျ အိမ်ခြံမြေ လုပ်ငန်းရှင် ဘာတွေပြောလဲ
- 1251 views
(အောက်တွင် ဖော်ပြထားသည်များမှာ သြစတေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့မှ အိမ်ခြံမြေလုပ်ငန်းရှင် ဝိန်း ဒေါ့ပ်ဆင် (Wayne Dopson) ၏ ပြောပြချက်များကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်))
ကျွန်တော်က အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးပါ။ ဈေးသက်သာတဲ့အိမ်တွေကို ဝယ်တယ်။ ပြန်ပြင်ပြီး ပြန်ရောင်းတယ်ပေါ့။
ကျွန်တော်က နေအိမ်တွေ ပြုပြင်မွမ်းမံတဲ့ လုပ်ငန်းငယ်လေးတစ်ခု တည်ထောင်ထားပြီး ဘရစ္စဘိန်းက client တွေရဲ့ မီးဖိုဆောင်၊ ရေချိုးခန်းနဲ့ deck နေရာတွေ မွမ်းမံပေးတာတွေ လုပ်ပါတယ်။အခုဆို ၁၂ နှစ်တောင် ရှိခဲ့ပါပြီ။
၂၀၁၅ ခုနှစ်ထဲမှာ Volkswagen Amarok ဒီဇယ် ပစ်ကပ်တစ်စင်း ဝယ်ခဲ့တယ်။ Upgrade လုပ်ချင်နေတာတော့ အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် စိတ်ကြိုက်မတွေ့ ဖြစ်နေပါတယ်။Ford Ranger လိုမျိုး တခြား ICE တွေကလည်း Amarok နဲ့ အတော်လေး တူနေတယ်။
အဲဒီတော့ ဒီကားပဲ စီးနေရသလို ဖြစ်မှာပဲ။ဒါကြောင့် နည်းနည်းပိုပြီး ထူးခြားမယ့်ဟာတစ်ခုကို ကျွန်တော်စောင့်မျှော်နေခဲ့ပါတယ်။ဒီနှစ် မတ်လထဲမှာတော့ BYD Shark hybrid ပစ်ကပ်တစ်စင်းကို သြစတေးလျဒေါ်လာ (AUD) ၆၄၀၀၀ (ကန်ဒေါ်လာ ၄၁၀၀၀) နဲ့ ဝယ်လိုက်ပါတယ်။
Ford နဲ့ Toyota ရဲ့ ဈေးတွေက သြစတေးလျမှာ အော်ပျံနေတာပဲ။ AUD ၈၀၀၀၀ လောက်အထိ ပေးရမှာဆိုတော့ BYD ရဲ့ AUD ၆၀၀၀၀ ဆိုတာက အတော်လေး သက်သာနေတာပေါ့။
အခုချိန်ထိတော့ Shark ကို ကီလို ၂၀၀၀ လောက်ပဲ စီးရသေးတယ်။ အခုချိန်ထိ ဒီကားအကြောင်း လေ့လာနေရတုန်းပါပဲ။ ဒါပေမယ့် ဒီကားကို စီးရတာ ကျွန်တော် သဘောကျလာတယ်။နည်းပညာပိုင်း၊ ပါဝါနဲ့ ညက်ညောတာ။ ဒီကားကို စီးရတာ Amarok ထက် ဆယ်စုနှစ်တွေ အများကြီး ရှေ့ကို ရောက်သွားသလို ခံစားရပါတယ်။
((ဈေးနှုန်းသက်သာစွာ ရနိုင်သော Luxury ဖြစ်မှုနှင့် ပါဝါ))
ကားအတွင်းပိုင်းကတော့ ပေးရတဲ့ငွေနဲ့ ရတဲ့ luxury အတိုင်းအတာက မယုံနိုင်လောက်အောင်ပါပဲ။ကျွန်တော် Audi တွေ ၊ BMW တွေလည်း ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ဒီကားက ခိုင်မာတောင့်တင်းပြီး premium လို ထုတ်လုပ်ထားတာဖြစ်ပါတယ်။
0 to 100 kmh အမြန်နှုန်းကို ၅ ဒသမ ၇ စက္ကန့်အတွင်း ရနိုင်တာကြောင့် ပြိုင်ကားတစ်စီး မောင်းနေရလိုပါပဲ။
(BYD Shark ၏ အတွင်းပိုင်းမှာ luxury ဆန်ကြောင်း ဒေါ့ပ်ဆင်က ပြောသည်။ ဓာတ်ပုံ- Wayne Dopson)
အမိုးပေါ်မှာ solar panel ၃၀ ရှိတာကြောင့် နေ့ဘက်မောင်းဖို့ လျှပ်စစ်အားအတွက်က ကုန်ကျစရိတ် မရှိပါဘူး။ အားသွင်းမယ်ဆိုရင်တော့ ည ၁၂ နာရီကနေ မနက် ၆ နာရီအထိ ၁ ကီလိုဝပ် နာရီကို AUD ၀ ဒသမ ၀၈ ဒေါ်လာပဲ ပေးရတယ်။ အားအပြည့်ရဖို့ ၃ နာရီကနေ ၄ နာရီကြားပဲ အားသွင်းရပါတယ်။ ညသန်းခေါင်လောက်မှာ အားသွင်းထားရင် မနက် ၄ နာရီလောက်ဆို အားပြည့်နေပါပြီ။ အားသွင်းခက AUD ၂ ဒေါ်လာတောင် မကျပါဘူး။
VW Amarok စီးတုန်းကဆို တစ်ရက်ကို ဆီဖိုး AUD 13 ဒေါ်လာ၊ ၁၄ ဒေါ်လာလောက် ကုန်ပါတယ်။ဒါကြောင့် နှိုင်းယှဉ်ကြည့်ရင် ကုန်ကျစရိတ် အတော်သက်သာပါတယ်။
တခြားအကျိုးကျေးဇူးကတော့ ကားနောက်ဘက်မှာ 6 kilowatts အားသွင်းပေါက် ပါသေးတာဆိုတော့ လျှပ်စစ်ပစ္စည်းတွေ အားသွင်းလို့ ရပါသေးတယ်။
(Shark တွင် လျှပ်စစ်ပစ္စည်းများ အားသွင်းနိုင်သည့် အားသွင်းပေါက် ပါသည်။ ဓာတ်ပုံ-Wayne Dopson)
((ခရီးအကွာအဝေး ဘယ်လောက်မောင်းနိုင်မလဲ စိတ်ပူစရာမရှိ))
Shark ကို EREV (extended range electric vehicle) လို့ ခေါ်ကြတယ်။သူမှာ ရှေ့၊ နောက် လျှပ်စစ်မော်တာ ၂ လုံးပါတယ်။ပြီးတော့ 1.5-liter ဓာတ်ဆီ တာဘိုအင်ဂျင်လည်းပါတယ်။ အဲဒါကတော့ generator တစ်ခု အနေနဲ့ အလုပ်လုပ်တာပါ။
ပုံမှန်အနေနဲ့ဆို ကျွန်တော်စီးတာ တစ်ရက်ကို ကီလို ၁၀၀ အောက်ပဲ ရှိပါတယ်။ ဒါက လျှပ်စစ် သီးသန့်နဲ့တင် ရတယ်။ကမ်းခြေတို့ ဘာတို့ နည်းနည်း ဝေးဝေးသွားချင်တယ်ဆိုရင်တော့ အင်ဂျင်ရှိတယ်လေ။အင်ဂျင်ကို စက်နှိုးလိုက်ပြီး ဘက်ထရီကို အားသွင်းလိုက်ရုံပါပဲ။ အဲ့လိုမောင်းမယ်ဆိုရင် ကီလို ၈၀၀ ဝန်းကျင်လောက်အထိ မောင်းလို့ရပါတယ်။ကျွန်တော် စိတ်ပူတာ တစ်ခုပဲ ရှိပါတယ်။ ပြန်ရောင်းရင် ဈေးမရမှာ စိုးရိမ်ပါတယ်။
Nissan, Ford နဲ့ Great Wall တို့ကနေ မော်ဒယ်သစ်တွေ အမြဲထွက်လာနေတယ်။နည်းပညာတွေ အဆင့်မြင့်လာတာ ရူးလောက်စရာပါပဲ။ဒီကားက အာမခံ ၅ နှစ် ပေးထားပါတယ်။ အာမခံ ကာလကုန်တဲ့အထိ စီးမှာပါ။နောက် ၅ နှစ်လောက်ဆိုရင် ကျွန်တော့်ရဲ့ Shark က ခေတ်နောက်ကျသွားပြီလေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: I swapped my gas truck for a Chinese hybrid. The BYD Shark is great to drive, but one thing worries me. (businessinsider)