တရုတ်ပြည်တွင် ၄ ထပ်တိုက်တစ်လုံး ပိုင်ဆိုင်ထားသော်လည်း ကားထဲတွင်သာ နေထိုင်လျက်ရှိသည့် ပရိုဂရမ်မာ တစ်ဦးအကြောင်း

  • 1599 views

3057a4fa-d2c1-4783-969a-d14949f79ff1_29287ee3.jpg

တရုတ်ပြည်မှ Programmer တစ်ဦးက မိမိ၏ ဇာတိမြို့တွင် ၄ ထပ်တိုက်တစ်လုံး ပိုင်ဆိုင်ထားသော်လည်း ကားထဲတွင် နေထိုင်နေသည်မှာ ၄ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ ပြည်မကြီး လူမှုကွန်ရက် သုံးစွဲသူများအကြား များစွာအံ့အားသင့်ခဲ့ကြသည်။

ယခုကဲ့သို့ ဘဝနေထိုင်မှုပုံစံကို ရွေးချယ်ရခြင်းမှာ ကုန်ကျစရိတ်သက်သာစေရန်အတွက်မျှသာ မဟုတ်ကြောင်း၊ ထိုသို့ နေထိုင်ရမှုပုံစံကို နှစ်သက်သဘောကျသောကြောင့်ဖြစ်ကြောင်း ပြောသည်။

အသက် ၄၁ နှစ်ရှိပြီဖြစ်သူ ကျန်းယွန်းလိုင်အမည်ရှိ အမျိုးသားသည် တရုတ်ပြည် တောင်ပိုင်း ကွမ်တုံပြည်နယ်၊ ယန်ချန်းမြို့တွင် နေထိုင်သူဖြစ်သည်။နောက်ပိုင်းတွင် တရုတ်ပြည်တောင်ပိုင်း ရှန်ကျန်းမြို့သို့ ပြောင်းရွှေ့ကာ အလုပ်လုပ်ကိုင်ခဲ့သည်မှာ ၆ နှစ်ခန့်ရှိပြီ ဖြစ်သည်။ကနဦးတွင် ပုံမှန်အတိုင်းသာ နေထိုင်ဖြတ်သန်းခဲ့သည်။သူ၏ တိုက်ခန်းနှင့်ရုံးအကြား ကူးလူးသွားလာခဲ့သည်။တိုက်ခန်းမှာ အိမ်လခ တစ်လလျှင် ယွမ် ၂၅၀၀ (ဒေါ်လာ ၃၄၀) ပေးရသည်။သို့သော် ပန်းခြံတစ်ခုထဲတွင် ပျော်ပွဲစားအဖြစ် စခန်းချနေထိုင်ခဲ့သည့် အတွေ့အကြုံမှတစ်ဆင့် ဘဝနေထိုင်မှု ပုံစံသစ်ကို စိတ်ကူးမိလာသည်။

47a96557-9ff0-49b7-bf51-57439ccf39c7_82810017.jpg

(▲ ကျန်းယွန်းလိုင်က ညအခါများ၌ သူ၏ EV ထဲတွင် အိပ်စက်ကာ ဖြတ်သန်းသည်။ ဓာတ်ပုံ-Baidu)

ကျန်းယွန်းလိုင်သည် လွန်ခဲ့သော ၄ နှစ်ခန့်က EV တစ်စင်းဝယ်ယူခဲ့သည်။ နောက်ခုံနေရာတွင် မွေ့ရာတစ်ခုထည့်ရန် လုံလောက်သည့်အကျယ်အဝန်းရှိကြောင်း တွေ့ခဲ့သည်။ယင်းနောက်ပိုင်းကတည်းက ရုံးဖွင့်ရက်များတွင် ကားထဲ၌သာ အိပ်စက်ခဲ့သည်။

“လျှပ်စစ်ကားက လေအေးပေးစက်လည်း သုံးလို့ရပြီး ကားထဲမှာ မွေ့ရာတစ်ခုထားဖို့ နေရာအကျယ်အဝန်းလည်းရှိပါတယ်။ ဒါကြောင့် အိပ်ရတာ တကယ့်ကို သက်သောင့်သက်သာ ရှိပါတယ်” ဟု ကျန်းယွန်းလိုင်က ပြောသည်။

ရုံးဖွင့်ရက်များတွင် ကျန်းယွန်းလိုင်က ကုမ္ပဏီရှိ Cafeteria တွင် စားသောက်လေ့ရှိသည်။အားကစားလေ့ကျင့်ခန်းမတစ်ခုတွင် ရေချိုးသည်။ယင်းနောက် အားသွင်းစက်တစ်ခုသို့သွားကာ ကားကို အားသွင်းသည်။ရုံးဆင်းပြီဆိုလျှင် ကျန်းယွန်းလိုင်သည် ပန်းခြံတစ်ခုထဲတွင် တိတ်ဆိတ်သော နေရာတစ်ခုရှာဖွေပြီး နောက်ခုံကို ခေါက်လိုက်ကာ မွေ့ရာခင်း၍ အိပ်စက်တော့သည်။ကားရပ်နားသည့် ပန်းခြံထဲတွင် ကြယ်ငါးပွင့်အဆင့် အများသုံးအိမ်သာများလည်းရှိကြောင်း ၎င်းက ပြောသည်။ ရုံးပိတ်ရက်များတွင် အဝတ်အစားများကို အဝတ်လျှော်ဆိုင်သို့ ပို့သည်။

ယခုကဲ့သို့ နေထိုင်ဖြတ်သန်းမှုအတွက် နေ့စဉ်ကုန်ကျစရိတ် ယွမ် ၁၀၀ ဝန်းကျင် (၁၄ ဒေါ်လာ) ခန့်ရှိပြီး အစားအသောက်နှင့် အခြားကုန်ကျစရိတ်များ ပါဝင်ကြောင်း ကျန်းက ပြောသည်။ကားပါကင်ကြေးမှာ တစ်ညလျှင် ၆ ယွမ် ပေးရပြီး ရုံးတွင်မူ ကားရပ်နားခ တစ်ရက်လျှင် ယွမ် ၂၀ ခန့် ပေးရသည်ဟု ဆိုသည်။

c39a8ea2-1e9d-4aea-b3d4-ffe1b3a208f8_8a24fb15.jpg

ယခုကဲ့သို့ ကားပေါ်တွင် နေထိုင်ရခြင်းမှာ ငွေကြေးအကျပ်အတည်းကြောင့် မဟုတ်ကြောင်း၊ ထိုသို့ နေထိုင်ရမှုကို နှစ်သက်သောကြောင့်သာဖြစ်ကြောင်း ကျန်းက ပြောသည်။ကားပေါ်တွင် နေရခြင်းမှာ လွတ်လပ်ကာ သက်သောင့်သက်သာရှိကြောင်းလည်း ၎င်းက ပြောသည်။

“ကျွန်တော့်မှာ ငွေကြေးအကျပ်အတည်း မရှိပါဘူး။ ကျွန်တော့်ကို တစ်ယောက်ယောက်က အိမ်တစ်လုံးမှာ အခမဲ့နေခွင့်ပေးမယ်ဆိုရင်တောင် နေမှာမဟုတ်ပါဘူး။ ပန်းခြံရဲ့ ဝန်းကျင်အငွေ့အသက်က တိုက်ခန်းမှာ နေရတာထက် ပိုကောင်းပါတယ်။ ပိုပြီးလွတ်လပ်ပါတယ်”

ကားပေါ်တွင် ၃ နှစ်တာ နေထိုင်ဖြတ်သန်းခဲ့မှုကြောင့် ယွမ် ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀၀) ခန့် အကုန်အကျ သက်သာခဲ့ကြောင်း ကျန်းက ပြောသည်။ကျန်းယွန်းလိုင်သည် သူ၏ ဇာတိမြို့တွင် စတုရန်းမီတာ ၄၀၀ ကျယ်ဝန်းသော ၄ ထပ်တိုက်တစ်လုံး ပိုင်ဆိုင်ထားသည်။ကျန်းယွန်းလိုင်သည် ရှန်ကျန်းမြို့သို့ မပြောင်းရွှေ့မီက အိမ်မှတစ်ဆင့် remote work လုပ်ကိုင်ခဲ့ပြီး တစ်လလျှင် ယွမ် ၁၀၀၀၀ ကျော် ဝင်ငွေရှိခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: China programmer lives in car for 4 years, despite owning house as he enjoys free lifestyle

Photo Credit-Baidu (scmp)