- ပင်မစာမျက်နှာ
- ကားသတင်းများ
- အင်္ဂလန်တွင် မိမိထံမှ ခိုးယူသွားသော ကားမှန်း သတိမထားမိဘဲ ကိုယ့်ကား ကိုယ်ပြန်ဝယ်ခဲ့သည့် အမျိုးသားတစ်ဦး၏ ဖြစ်အင်
အင်္ဂလန်တွင် မိမိထံမှ ခိုးယူသွားသော ကားမှန်း သတိမထားမိဘဲ ကိုယ့်ကား ကိုယ်ပြန်ဝယ်ခဲ့သည့် အမျိုးသားတစ်ဦး၏ ဖြစ်အင်
- 4339 views
အင်္ဂလန်တွင် အမျိုးသားတစ်ဦးမှာ သတိပင် မထားမိဘဲ ကိုယ့်ကားကိုယ်ပြန်ဝယ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သော ၂ လခန့်က မိမိ၏ Honda Civic R ခိုးယူခံလိုက်ရချိန်တွင် ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရကြောင်း အီဝမ် ဗယ်လင်တိုင်း (Ewan Valentine) အမည်ရှိ အမျိုးသားက ပြောသည်။
၉ နှစ်သက်တမ်းရှိပြီး 0-60 mph အမြန်နှုန်းကို ၆ စက္ကန့်အတွင်း ရနိုင်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၁၆၈ မိုင် မောင်းနိုင်သော ကားလေးမှာ အီဝမ်အတွက် ဂုဏ်ယူစရာနှင့် ပျော်ရွှင်စရာ ဖြစ်ခဲ့သည်။သူ၏ ကားလေးကို ပြန်လည်အစားထိုးလိုသော အီဝမ်က အလားတူကားမျိုးကိုသာ ပြန်လည်ရှာဖွေခဲ့သည်။ထို့နောက် သူ၏ ကားနှင့် မော်ဒယ်တူ ကားတစ်စင်းကို ပေါင် ၂၀၀၀၀ ဖြင့် ဝယ်ယူပြီးချိန်အထိ မိမိဝယ်လိုက်သောကားမှာ ပျောက်သွားသောကားမှန်း အီဝမ် မသိခဲ့။
ဘာမင်ဂမ်မြို့၏ အရှေ့တောင်ဘက်ရှိ ဈေးမြို့လေးဖြစ်သော ဆိုလီဟူးလ် (Solihull) တွင် နေထိုင်သူ အီဝမ်က “ဖေဖော်ဝါရီလထဲမှာ ကျွန်တော့် လက်တွဲဖော်က ရုံးသွားဖို့ မနက် ၅ နာရီလောက် အိပ်ရာထပြီးတော့ ကားဘယ်မှာလဲလို့ မေးပါတယ်” ဟု ပြောပြသည်။
“ကျွန်တော်လည်း နည်းနည်း တွေဝေသွားပြီး ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တော့ ကားက မရှိတော့ဘူး”
“အဲဒီနောက် ရက်သတ္တပတ် အနည်းငယ်လောက် ရဲတပ်ဖွဲ့၊ အာမခံဌာနတွေနဲ့ ဆက်သွယ် လုပ်ဆောင်ခဲ့ပေမယ့် ဘာမှ အကြောင်းမထူးခဲ့ပါဘူး” “ဒါကြောင့် ကားတစ်စင်း အစားထိုးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။” “ပုံတူကားတစ်စီး ရှာခဲ့ရာမှာ ကျွန်တော့်ကားနဲ့ အရောင်ကော၊ မော်ဒယ်ကော တူတဲ့အပြင် ပြန်လုပ်ထားတဲ့ အိတ်ဇောပါ တူနေတဲ့ ကားတစ်စင်းတွေ့ခဲ့ပါတယ်”
(▲ အီဝမ် ဗယ်လင်တိုင်းမှာ ကိုယ့်ကားကို ပြန်ဝယ်မိခဲ့သည်။ ဓာတ်ပုံ-Jam Press/ Ewan Valentine)
ကားလိုချင်စိတ် ဖုံးလွှမ်းနေသောကြောင့် များစွာစဉ်းစားတွေးတောခြင်း၊ အသေအချာလည်း စစ်ဆေးကြည့်ခြင်းများ မလုပ်ခဲ့ကြောင်း အီဝမ်က ပြောသည်။
“ကားဝယ်ပြီးတော့ ဆိုလီဟူးလ်ကို ပြန်မောင်းလာခဲ့ပြီး စတီယာရင်လော့ခ်ဝယ်ဖို့ စီစဉ်ခဲ့ပါတယ်”
“ကုန်ပစ္စည်းသယ်တဲ့ နောက်ဖုံးကို ဖွင့်လိုက်တဲ့အခါမှာ ယာယီတဲထိုးတဲ့ ငုတ်တစ်ခုနဲ့ ခရစ္စမတ်ပင်က အကိုင်းတချို့ တွေ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော် နောက်ဖုံးထဲမှာ ဘီယာပုလင်း ကျကွဲဖူးပြီး ဆေးကြောသန့်စင်မထားတဲ့အတွက် ဘီယာနံ့က မပျောက်ခဲ့ဘူး။ အခုကားမှာလည်း ဘီယာနံ့က ရနေတယ်။ ပြီးတော့ ရှေ့ခန်း center console မှာရှိတဲ့ မုန့်ထုပ်စက္ကူတချို့ကလည်း ကျွန်တော် ကားမပျောက်ခင် ချန်ရစ်ခဲ့တဲ့ စက္ကူစတွေ ဖြစ်နေတာ တွေ့ရပါတယ်”
ထိုနောက်တွင် အီဝမ်က ကား၏ GPS history ကို စစ်ဆေးကြည့်ရန် တွေးမိခဲ့ပြီး စစ်ဆေးကြည့်ရာ ၎င်း၏ နေအိမ်တည်နေရာ၊ မိဘများအိမ်အပြင် အခြား မိမိသွားခဲ့ဖူးသော နေရာများဖြစ်နေသည်ကို တွေ့ခဲ့ရသည်။
“အဲဒီနောက် ကားဂိုဒေါင်ထဲကနေ ထွက်လိုက်တဲ့အခါမှာ ကျွန်တော့်ဖုန်းက ကားနဲ့ချိတ်ဆက်သွားတာ တွေ့ရပါတယ်။ တကယ်က ကားအသစ်ဆိုရင် လူက ချိတ်မှ ရမှာပါ။ ဒါကြောင့် ဒီကားဟာ ကျွန်တော်ပျောက်သွားတဲ့ကားဆိုတာ သေချာသွားပါတယ်”
(▲ အီဝမ်၏ Honda Civic R ကို တွေ့ရပုံ။ ဓာတ်ပုံ-Jam Press/ Ewan Valentine)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man unwittingly buys back his own £20k car after it was stolen weeks before
Photo Credit- Jam Press/ Ewan Valentine