[သက်ရှိ ကားပြတိုက်] အမေရိကန်ဂန္ထဝင်ကားပေါင်း အစင်းရေ ၆၀,၀၀၀ ကျော် အသုံးပြုနေဆဲ နိုင်ငံတစ်ခုအကြောင်း

  • 1232 views

2025-05-02-11-06-17_.jpg
တစ်နိုင်ငံလုံးရှိလမ်းများပေါ်တွင် ရှေးဟောင်းဂန္ထဝင်ကားများသာ သွားလာနေသည်ကို တွေ့ရနိုင်သည့် နိုင်ငံတစ်ခုရှိနေသည်။

ထိုနိုင်ငံကား….ကျူးဘားဖြစ်ပြီး ရွေ့လျားကားပြတိုက်ဟုလည်း တင်စားလျှင် ရနိုင်သည်။

((◙ ရောင်သွေးစုံလင် ကားရာဇဝင်))

ဟာဗားနား၏ နေခြည်ဖြာ ဖြန်းပက်သော လမ်းများထဲသို့ ခြေချမိလျှင် ဦးစွာသတိပြုမိမည့် ထူးခြားချက်မှာ ကိုလိုနီခေတ် အဆောက်အအုံများရှေ့မှ ဖြတ်သန်းသွားလာနေသော ၁၉၅၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သည့် အမေရိကန်ကားများ ဖြစ်သည်။

ကျူးဘားသည် သက်ရှိ ကားပြတိုက်ကြီးတစ်ခုဖြစ်၏။

ကျူးဘား၏ လမ်းများပေါ်တွင် ၁၉၆၀ မတိုင်မီက ထုတ်လုပ်ခဲ့သော အမေရိကန်ကား အစင်းရေ ၆၀၀၀၀ ခန့် ယနေ့တိုင် လမ်းများပေါ်တွင် သွားလာနေရာ ကမ္ဘာပေါ်တွင် အထူးခြားဆုံး လမ်းအခင်းအကျင်းတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။

“ဒါတွေက ကျွန်တော်တို့အတွက် ကားသက်သက်မျှ မဟုတ်ပါဘူး။ နောက်ခံဇာတ်ကြောင်းတွေရှိတဲ့ မိသားစုဝင်တွေလည်း ဖြစ်ပါတယ်” ဟု ဟာဗားနားမှ တတိယမျိုးဆက် မက္ကင်းနစ်တစ်ဦးဖြစ်သူ Miguel Sanchez က ပြောသည်။

Sanchez တို့ မိသားစုသည် ၁၉၅၅ ခုနှစ်ထုတ် Chevy Bel Air ကို စီးခဲ့ကြသည်မှာ ဆယ်စုနှစ် ၆ ခုကျော် ရှိခဲ့လေပြီ။

((ဒက်ထရွိုက်ရွှေခေတ်ကြီးကို မတော်တဆ ထိန်းသိမ်းစောင့်ရှောက်ထားခြင်း))

ကျူးဘားတွင် ဂန္ထဝင်ကားများ အပြိုင်းအရိုင်းဖြစ်နေသည့်ဖြစ်ရပ်မှာ ၁၉၆၂ ခုနှစ်၌ အမေရိကန်က ကျူးဘားကို ကုန်သွယ်မှု ပိတ်ပင်ခဲ့ခြင်းမှ အစပျိုးသည်။

ကုန်သွယ်ရေးပိတ်ပင်လိုက်မှုကြောင့် အမေရိကန်ကားများနှင့် ဆက်စပ်ပစ္စည်းအစိတ်အပိုင်းများ တင်သွင်းမှု ရုတ်ချည်းရပ်ဆိုင်းသွားသည်။

လိုအပ်ချက်သည် တီထွင်မှု၏ မိခင်ဟု ဆိုသည်။

ကျူးဘားသားတို့မှာ စက်ပစ္စည်းပါရဂူများ ဖြစ်လာကြသည်။

လိုအပ်သော ပစ္စည်းအစိတ်အပိုင်းများအတွက် အမျိုးမျိုးအဖုံဖုံ ကြံဆကာ တီထွင်ဖြေရှင်းကာ ဂန္ထဝင် Vintage အလှများကို ဆက်လက်ထိန်းသိမ်းလာခဲ့ကြသည်။

အစိမ်းတောက်တောက်၊ ချယ်ရီနီ၊ ထွန်းသစ်နေ အဝါရောင် အစရှိသည့် အဆင်အသွေးစုံ ဂန္ထဝင် Ford ၊ Chevrolet ၊ Buck တို့မှာ ဂိုဒေါင်ထဲတွင် စခန်းမသိမ်းခဲ့ဘဲ ကျူးဘားသားတို့၏ နေ့စဉ်သွားလာရေးအတွက် ဆက်လက်အသုံးတော်ခံနေခဲ့ကြသည်။

ဘောနပ်ဖုံးများကို ဖွင့်ကြည့်လိုက်လျှင်မူ ရုရှားလုပ် ဒီဇယ်အင်ဂျင်များ၊ လက်လုပ် ပစ္စည်းအစိတ်အပိုင်းများနှင့် ဒက်ထရွိုက်မှ မူရင်းအင်ဂျင်နီယာများပင် အံ့အားသင့်စေလောက်သည့် စက်ပိုင်းဖြေရှင်းထားချက်များ တွေ့ရမည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: This tiny island is frozen in automotive time (where 60,000 vintage American cars still rule the streets)