- ပင်မစာမျက်နှာ
- ကားသတင်းများ
- Uber က တရုတ်ပြည်မှ Self-driving ကုမ္ပဏီသစ် ၃ ခုနှင့် ပူးပေါင်းကာ တစ်ကမ္ဘာလုံးတွင် မောင်းသူမဲ့ အငှားကား (robotaxi) များ ပြေးဆွဲရန် စီစဉ်
Uber က တရုတ်ပြည်မှ Self-driving ကုမ္ပဏီသစ် ၃ ခုနှင့် ပူးပေါင်းကာ တစ်ကမ္ဘာလုံးတွင် မောင်းသူမဲ့ အငှားကား (robotaxi) များ ပြေးဆွဲရန် စီစဉ်
- 1102 views
Uber ၏ ပလက်ဖောင်းတွင် မောင်းသူမဲ့နည်းပညာ ထည့်သွင်းကာ နိုင်ငံတကာ ဈေးကွက်သို့ ဆောင်ကြဉ်းပေးရန်အတွက် တရုတ်ပြည်မှ self-driving ထွန်းသစ်စ ကုမ္ပဏီသစ် ၃ ခုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်လက်တွဲလိုက်ကြောင်း Uber က ကြေညာသည်။
ယခုမိတ်ဖက်လက်တွဲမှုမှာ ဥရောပနှင့် အရှေ့အလယ်ပိုင်း ဈေးကွက်များအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး တရုတ်ပြည်နှင့် အမေရိကန်ဈေးကွက်များ မပါဝင်ကြောင်း သိရသည်။
Uber နှင့် မိတ်ဖက်လက်တွဲခဲ့သည့် တရုတ်ပြည်မှ ကုမ္ပဏီ ၃ ခုမှာ Pony.ai ၊ Momenta နှင့် WeRide တို့ ဖြစ်သည်။
ဥရောပအတွက် Uber ၏ ပလက်ဖောင်းတွင် Momenta နည်းပညာသုံး robotaxi များ ပထမဆုံး ဖြန့်ကျက်မှုကို ၂၀၂၆ နှစ်ဆန်းပိုင်းတွင် စတင်မည် ဖြစ်သည်။
စီမံကိန်း ပထမဆင့်တွင် ဘေးကင်းလုံခြုံရေးအတွက် ထိန်းမတ်ပေးမည့် operator တစ်ဦး ကားထဲတွင် လိုက်ပါဦးမည် ဖြစ်သည်။
Uber က Momenta နှင့် မိတ်ဖက်လက်တွဲမှုကို မေလ ၂ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
“အခု ပူးပေါင်းဆောင်ရွက်မှုကြောင့် ကမ္ဘာတဝန်းမှာ မောင်းသူမဲ့စနစ်ကို ကုန်ကျစရိတ်သက်သာစွာနဲ့ တွေ့ကြုံခံစားခွင့်ရလာကြမှာ ဖြစ်ပါတယ်” ဟု Uber ၏ စီအီးအို Dara Khosrowshahi က ပြောသည်။
Momenta သည် တရုတ်ပြည်အခြေစိုက် မောင်းသူမဲ့နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။
ထိုကုမ္ပဏီကို ကမ္ဘာ့ထိပ်သီးကုမ္ပဏီကြီးများဖြစ်သော SAIC Motor , General Motors နှင့် Toyota တို့က ကျောထောက်နောက်ခံပေးထားသည်။
၂၀၂၁ ခုနှစ်တွင် Momenta က SAIC ၏ Premium brand ဖြစ်သော IM အတွက် self-driving ဆော့ဖ်ဝဲ ထုတ်လုပ်ပေးနိုင်ခဲ့သည်။
(တရုတ်ပြည်တွင် တွေ့ရသော MomentaGo ဝန်ဆောင်မှု။ ဓာတ်ပုံ-Momenta)
အမေရိကန် car-hailing ထိပ်သီးကုမ္ပဏီကြီး Uber နှင့် လက်တွဲသည့် အခြားကုမ္ပဏီတစ်ခုမှာ Pony.ai ဖြစ်သည်။
ယခုနှစ်ကုန်ပိုင်းတွင် Pony.ai ၏ မောင်းသူမဲ့နည်းပညာကို အရှေ့အလယ်ပိုင်း ဒေသများ၌ Uber ၏ ပလက်ဖောင်းတွင် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ကြေညာသည်။
နောက်ပိုင်းတွင် အခြားနိုင်ငံတကာ ဈေးကွက်များသို့လည်း ဆက်လက်ချဲ့ထွင်သွားမည်ဟု ဆိုသည်။
Uber တွင် ကားငှားမည့်သူများအနေဖြင့် လူသားယာဉ်မောင်း (သို့မဟုတ်) Pony.ai မောင်းသူမဲ့စနစ်ဖြင့် မောင်းနှင်မည့်ကားတို့ကို ရွေးချယ်ငှားရမ်းနိုင်မည်ဟု သိရသည်။
ကနဦး ကာလများတွင်မူ ကားပေါ်၌ ထိန်းကွပ်ပေးမည့် operator တစ်ဦး ပါဝင်ဦးမည် ဖြစ်သည်။
Baidu မှ developer ၂ ဦးဖြစ်သော James Peng နှင့် Tiancheng Lou တို့က Pony.ai ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး Toyota နှင့် Nio တို့က ကျောထောက်နောက်ခံပေးထားကာ ကွမ်ကျိုးမြို့တွင် အခြေစိုက်သည်။
(WeRide ၏ မောင်းသူမဲ့ ကားတစ်စင်းကို တွေ့ရပုံ။ ဓာတ်ပုံ-WeRide)
Uber နှင့် မိတ်ဖက်လက်တွဲသည့် အခြားကုမ္ပဏီတစ်ခုမှာ WeRide ဖြစ်သည်။
Uber နှင့် WeRide တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကတည်းက မိတ်ဖက်လက်တွဲခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၅ နှစ်လယ်ပိုင်းတွင် အဘူဒါဘီ၌ မောင်းသူမဲ့ robotaxi အစင်းရေ ၅၀ အထိ ရှိလာမည် ဖြစ်သည်။
နှစ်စဉ် အခြားမြို့ကြီးများသို့ တိုးချဲ့ရန် စီစဉ်ထားပြီး လာမည့် ၅ နှစ်အတွင်း မြို့ကြီး ၁၅ ခုတွင် အကောင်အထည်ဖော်သွားရန် မျှော်မှန်းထားသည်။
Baidu မှ autonomous driving ဌာနအကြီးအကဲအဖြစ် လုပ်ကိုင်ခဲ့သူ Tony Han က WeRide ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Bosch, Nvidia နှင့် Blackrock တို့က ကျောထောက်နောက်ခံ ပေးထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Uber team up with three Chinese self-driving startups to launch robotaxis globally (carnewschina)