- ပင်မစာမျက်နှာ
- ကားသတင်းများ
- ထိုင်းအစိုးရက Plug-in Hybrid လျှပ်စစ်ကားများအတွက် အခွန်မူဝါဒ အပြောင်းအလဲပြုလုပ်
ထိုင်းအစိုးရက Plug-in Hybrid လျှပ်စစ်ကားများအတွက် အခွန်မူဝါဒ အပြောင်းအလဲပြုလုပ်
- 1435 views
ထိုင်းနိုင်ငံတွင် Plug-in Hybrid လျှပ်စစ်ကား (PHEVs) များ ဝယ်ယူမှုကို အားပေးရန်အတွက် အခွန်မူဝါဒ အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း ထိုင်းအစိုးရက အတည်ပြုကြေညာလိုက်ပြီး လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ အသက်ဝင်မည်ဟု ဆိုသည်။
အဆိုပါ ဥပဒေတွင် PHEV များနှင့် စပ်လျဉ်းသည့် အခွန်မူဝါဒအပြောင်းအလဲများ ပြုလုပ်ခဲ့ခြင်းဖြစ်ရာ -
● PHEV များအတွက် သီးခြားအခွန်နှုန်း သတ်မှတ်ခြင်း
● အခွန်ကောက်ခံရာတွင် အားတစ်ကြိမ်သွင်းထားလျှင် မောင်းနိုင်မည့်မိုင်နှုန်းအပေါ် မူတည်ကာ တွက်ချက်ရန်
● PHEV အခွန်နှုန်းကို ဆုံးဖြတ်ရာတွင် လောင်စာကန်၏ အရွယ်အစားကို ထည့်သွင်းတွက်ချက်ခြင်း မပြုရန်
တတိယမြောက်အချက်မှာ ထိုင်းနိုင်ငံအနေဖြင့် ကားထုတ်လုပ်သည့် အချက်အချာတစ်ခု ဖြစ်လာရေးအတွက် အဟန့်အတားဖြစ်နေကြောင်း၊ လောင်စာဆီ စံနှုန်းသတ်မှတ်ချက်များမှာ နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီကြောင်း လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ပေါင်ပွန် ရိုဂျာမာဆာကူး (Paopoom Rojamasakul) က အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် ပြောကြားသည်။
ထိုင်ခုံ ၁၀ ခုံနှင့်အောက် အရွယ်အစားရှိသော PHEV ကားများနှင့် အားတစ်ကြိမ်သွင်းထားလျှင် ၈၀ ကီလိုမီတာ မောင်းနိုင်သော လျှပ်စစ်ကားများကို အခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံရန် သတ်မှတ်ထားသည်။ အားတစ်ကြိမ်သွင်းထားလျှင် ၈၀ ကီလိုမီတာအောက်သာ မောင်းနိုင်သော လျှပ်စစ်ကားများကိုမူ အခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။
ယခုပြန်လည်သတ်မှတ်ထားသည့် စည်းမျဉ်းမှာ ကမ္ဘာ့စံနှုန်းနှင့် ကိုက်ညီပြီး ထိုင်းနိုင်ငံကို ကားထုတ်လုပ်သည့် အချက်အချာနေရာတစ်ခု ဖြစ်လာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပေါင်ပွန်က ပြောသည်။ ယခုစည်းမျဉ်းကြောင့် ထိုင်းကားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။
ထို့အပြင် ICE များမှသည် လျှပ်စစ်ကားများဆီသို့ ကူးပြောင်းမှုအတွက် အထောက်အပံ့ဖြစ်စေနိုင်မည့်အပြင် မြို့ပြတွင် PHEV များ ဝယ်လိုအားမြင့်တက်စေရန်လည်း အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း ပေါင်ပွန်က ပြောသည်။အခွန်နှုန်းထား လျှော့ချမှုမှာ Range နိမ့်ပါးသော PHEV များသို့လည်း သက်ရောက်မည် ဖြစ်သည်။
“ဒါက ခြေလှမ်းကောင်းတစ်ရပ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ လူတွေက ခရီးဝေးမောင်းနိုင်မယ့် လျှပ်စစ်ကားတွေကို မျှော်လင့််နေကြတယ်။” ဟု ထိုင်းစက်မှုအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ Automotive Industry Club ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆူရာပေါင် ပိုင်စစ် ပါတနာပေါင် (Surapong Paisitpatanapong) က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tax changes for plug-in hybrid EVs approved (bangkokpost)