သားဖြစ်သူ Elon Musk က Tesla တစ်စင်း ပို့ပေးမည်ပြောသော်လည်း ဖခင်ဖြစ်သူ လက်မခံ၊ ရိုးရွိက်စ်ကားသာ စီးနင်း

  • 309 views


Tesla Inc. ၏ CEO ဖြစ်သူ Elon Musk ၏ ဖခင်သည် Tesla ကားမမောင်း၊ Tesla တစ်စီး ပိုင်ဆိုင်ထားခြင်း မရှိသလို ပိုင်ဆိုင်လိုစိတ်လည်း မရှိချေ။

သားဖြစ်သူက တောင်အာဖရိကနိုင်ငံတွင် နေထိုင်သော ဖခင်ထံ Tesla တစ်စင်း ပို့ပေးမည်ဟု ပြောခဲ့သော်လည်း ဖခင်ဖြစ်သူ အဲရိုး မတ်စ် (Errol Musk) က ငြင်းပယ်ခဲ့သည်။

အဲရိုး မတ်စ်တွင် ဇိမ်ခံဆီဒင်ကားတစ်စင်း ၊ ပြိုင်ကားတစ်စင်းနှင့် Vintage လေယာဉ်တစ်စင်းတို့ ပိုင်ဆိုင်ထားသည်။

 

 

သို့သော် သားဖြစ်သူ၏ ကုမ္ပဏီမှ ထုတ်လုပ်သော Tesla ကိုမူ တစ်စင်းမှ ပိုင်ဆိုင်ထားခြင်း မရှိပေ။

ယခု မပိုင်ဆိုင်သလို နောင်အခါတွင်လည်း ပိုင်ဆိုင်လာဖွယ်မရှိ။
အဲရိုးသည် တောင်အာဖရိကတွင် နေထိုင်ပြီး ထိုနိုင်ငံတွင် လျှပ်စစ်ကားများ အလွန်ရေပန်းစား ကျော်ကြားသည်။

အဲရိုး ယခုစီးနေသည်မှာ ရိုးရွိုက်စ်ကား ဖြစ်သည်။

သင်္ဘောတင်မှုနှင့် သွင်းကုန်စရိတ်များ ပေါင်းလိုက်လျှင် Tesla ကို တောင်အာဖရိကသို့ တင်ပို့ရခြင်းမှာ အလွန်ကုန်ကျစရိတ်များမည် ဖြစ်သည်။

 

 

ကန်ဒေါ်လာ ၂၇၈ ဘီလီယံ ချမ်းသာသော Elon Musk ၏ ဖခင်အတွက်ပင် ဈေးကြီးနေမည် ဖြစ်သည်။

ထိုကုန်ကျစရိတ်အားလုံးကို ကျခံမည်ဟု သားဖြစ်သူက ပြောသော်လည်း အဲရိုးက လက်မခံ။

ကားတန်ဖိုး ၊ သင်္ဘောတင်ခနှင့် အခြားစရိတ်များ ပေါင်းလိုက်လျှင် စုစုပေါင်း တောင်အာဖရိကငွေ ၃ ဒသမ ၅ သန်းခန့် ကျသင့်မည်ဖြစ်ရာ ကန်ဒေါ်လာအားဖြင့် ၁၈၁၀၀၀ ကျော် ဖြစ်သည်။

“ဒါက မတန်ဘူးလေ”ဟု အဲရိုးက သားဖြစ်သူကို ရှင်းပြသည်။

 

 

ထို့အပြင် တောင်အာဖရိကတွင် Tesla နှင့် ပတ်သက်သည့် အခြေခံအဆောက်အအုံ နည်းပါးသေးသည်။

တောင်အာဖရိကတွင် လျှပ်စစ်ကားများ ရှားပါးသေးပြီး အစင်းရေ ၁၅၀၀ ခန့်သာရှိကာ အားသွင်းသည့်နေရာ မှာလည်း ၃၀၀ ဝန်းကျင်ခန့်သာ ရှိသည်။

နှိုင်းယှဉ်မှုအားဖြင့် ကြည့်မည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုတွင် လျှပ်စစ်ကားပေါင်း အစင်းရေ ၂ သန်း ကျော်ရှိပြီး အားသွင်းနေရာပေါင်း ၁၆၇၀၀၀ ကျော် ရှိသည်။

ထို့အပြင် အမေရိကန်တွင် အကြီးမားဆုံး အမြန်အားသွင်းစက် ကွန်ရက်ရှိပြီး အားသွင်းစက်ပေါင်း ၂၀၀၀၀ ရှိသည်။

 

 

သားဖြစ်သူက မည်သည့်ကားမော်ဒယ် ပို့ပေးလိုသည်ကို အဲရိုး မသိချေ။

သို့သော် Elon Musk အနေဖြင့် ဖခင်ကို Tesla ၏ ဈေးအကြီးဆုံး မော်ဒယ်တစ်ခု ပို့ပေးလိုဖွယ် ရှိသည်။

လက်ရှိအားဖြင့် Tesla ၏ ဈေးအကြီးဆုံးမှာ Model S Plaid ဖြစ်သည်။

 

 

အမေရိကန်မှ တောင်အာဖရိကသို့ ကားတင်ပို့ခမှာ ဒေါ်လာ ၃၃၀၀ မှ ၇၀၀၀ ကြား ကျသင့်ဖွယ် ရှိသည်။

တောင်အာဖရိကတွင် ပြည်ပမှတင်သွင်းလာသော ကားများကို ၂၅ ရာခိုင်နှုန်း အခွန်ကောက်သည်။

သားဖြစ်သူက Tesla တစ်စင်း ပို့ပေးရန် ပြောဆိုလာမှုအား ငြင်းပယ်ခဲ့ကြောင်းကို အဲရိုးက Business Insider သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Elon Musk's Father Turned Down a Tesla, Drives a Rolls-Royce Instead  (autoevolution)