• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မလေးရှားတွင် လမ်းဖြတ်ကူးသည့် ကလေးကို ကားတစ်စင်းက တိုက်မိလုနီးပါးဖြစ်ခဲ့ရာ ကလေး၏ ဖခင်က ကားမောင်းသူအမျိုးသမီးအား ထိုးကြိတ်ခဲ့မှုအပေါ် လူမှုကွန်ရက်သုံးစွဲသူတို့ ဝေဖန်ရှုတ်ချလျက်ရှိ၊ မလေးရှား မွေထိုင်းလက်ဝှေ့ကျော် ဂျိုဟန် ဂါဇာလီက “သတ္တိရှိရင် ငါ့ကိုလာထိုး” ဟု စိန်ခေါ်

မလေးရှားတွင် လမ်းဖြတ်ကူးသည့် ကလေးကို ကားတစ်စင်းက တိုက်မိလုနီးပါးဖြစ်ခဲ့ရာ ကလေး၏ ဖခင်က ကားမောင်းသူအမျိုးသမီးအား ထိုးကြိတ်ခဲ့မှုအပေါ် လူမှုကွန်ရက်သုံးစွဲသူတို့ ဝေဖန်ရှုတ်ချလျက်ရှိ၊ မလေးရှား မွေထိုင်းလက်ဝှေ့ကျော် ဂျိုဟန် ဂါဇာလီက “သတ္တိရှိရင် ငါ့ကိုလာထိုး” ဟု စိန်ခေါ်

  • 1119 views

gbwqmd5aoaacsce_5094871_20250403143509-(1).jpg

မလေးရှားနိုင်ငံ၊ Negeri Sempilan ပြည်နယ် ၊ Serempan မြို့၊ Dataran Senawang ဈေးဝယ်စင်တာ အနီး တွင် Perodua Axia မော်ဒယ်ကားတစ်စင်းက လမ်းဖြတ်ကူးသော ကလေးငယ်တစ်ဦးကို တိုက်မိလုနီးပါး ဖြစ်သွားသောကြောင့် ၎င်း၏ဖခင်က ကားမောင်းသူ အမျိုးသမီးအား ထိုးကြိတ်ခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

ထိုသို့ ထိုးကြိတ်ခဲ့သူမှာ မလေးရှားစစ်တပ်မှ စစ်သားတစ်ဦးဖြစ်သည်ဟု ပြောဆိုမှုများ ရှိသည်။ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရမှုအရ ထိုအမျိုးသားက ကားမောင်းသူ အမျိုးသမီး၏ မျက်နှာကို ၂ ကြိမ် ထိုးနှက်ခဲ့သည်ကို တွေ့ရသည်။ထိုနေရာတွင်ရှိနေသော မျက်မြင်တစ်ဦးကလည်း သူ၏ညီမဖြစ်သူလည်း ဗိုက်ကိုအကန်ခံခဲ့ရသည်ဟု ဆိုသည်။

ကလေးငယ်မှ ဖခင်နောက်မှလိုက်ကာ လမ်းဖြတ်ကူးစဉ် ကားနှင့် တိုက်မိလုနီးပါး ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ ကားမောင်းသူအမျိုးသမီးက ကားတံခါးကိုဖွင့်ကာ အောက်သို့ဆင်းကြည့်ရန် ပြင်ချိန်တွင် ကလေး၏ ဖခင်က ကားအပြင်မှတစ်ဆင့် ထိုးကြိတ်ခဲ့သည်။ထို့နောက် ထိုသူက ကားရှေ့သို့ ထွက်သွားပြီး သူ၏ကလေးကို ပွေ့ချီကာ လမ်းဘေးပလက်ဖောင်းပေါ်တွင် ချထားလိုက်ပြီးနောက် ကားဆီသို့ ပြန်ပြေးလာကာ အမျိုးသမီးကို ထပ်မံထိုးကြိတ်ပြန်သည်။

ယင်းအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ မလေးရှား မွေထိုင်းလက်ဝှေ့ကျော်ဖြစ်သော ဂျိုဟန် ဂါဇာလီ (Johan Ghazali) အပါအဝင် လူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးသား၏ လုပ်ရပ်အပေါ် များစွာ အမျက်ထွက်ခဲ့ကြသည်။

Serempan ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ မိုဟာမက် ဟာဒါ ချီဒင် (Mohamad Hadda Che Din) က ပြောသည်မှာ ထိုအမျိုးသားမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီး Serempan ခရိုင် ရဲမှူးရုံးချုပ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ၎င်းကို ရာဇသတ်ကြီး ပုဒ်မ ၃၂၃၊ ၄၂၇ တို့ဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ပြောသည်။

လက်ဝှေ့ကျော် ဂျိုဟန်ကို ဂျိုဂျိုဟုလည်း လူသိများသည်။အမျိုးသမီးတစ်ဦးကို ထိုးရဲသောကြောင့် မိမိကိုယ်မိမိ သတ္တိရှိသည်ဟု ထင်နေပါက မိမိနှင့် လာထိုးရန် ဂျိုဟန်က စိန်ခေါ်ခဲ့သည်။မွေထိုင်းလက်ဝှေ့ကျော် ဂျိုဟန်က လူမှုကွန်ရက်တွင် မှတ်ချက်ပြုသည်မှာ “သောက်ရူး၊ အမျိုးသမီးတစ်ယောက်ကို ထိုးရဲတာလား…။ လခွမ်းပဲ…။ မင်းမျက်နှာကို ထိုးခွဲပစ်မယ်။ သတ္တိရှိရင် ငါနဲ့လာထိုး” ဟု ရေးသားခဲ့သည်။

လူမှုကွန်ရက်တွင် ဂယက်ရိုက်နေသော ဗွီဒီယိုဖိုင်ကို ရက်ပ်အဆိုတော် ကာပရိုက်စ် (Caprice) က အင်စတာဂရမ်တွင် မျှဝေခဲ့ရာ ကာပရိုက်စ်မျှဝေထားသော ပို့စ်အောက်တွင် ဂျိုဟန်က ကွန်မန့်လာပေးသွားခြင်း ဖြစ်သည်။အဆိုပါ အမျိုးသားကို ရဲတပ်ဖွဲ့က အာမခံဖြင့် ပြန်လွှတ်ပေးထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: “Come punch me instead” – Johan Ghazali challenges soldier who assaulted female driver in Senawang  (thesun)