• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မလေးရှားတွင် ကားမရပ်ရသည့်နေရာတွင် ရပ်ထားသည့်ကားကြောင့် တစ်နာရီခန့် လမ်းပိတ်သွားရာ လူအုပ်လိုက် ဝိုင်းမကာ နေရာရွှေ့ခဲ့ရသည့်အဖြစ်မှာ လူမှုကွန်ရက်တွင် နာမည်ကြီးနေ

မလေးရှားတွင် ကားမရပ်ရသည့်နေရာတွင် ရပ်ထားသည့်ကားကြောင့် တစ်နာရီခန့် လမ်းပိတ်သွားရာ လူအုပ်လိုက် ဝိုင်းမကာ နေရာရွှေ့ခဲ့ရသည့်အဖြစ်မှာ လူမှုကွန်ရက်တွင် နာမည်ကြီးနေ

  • 382 views

untitled-design-2025-04-03t162003-754_5095210_20250403162150.jpg

မလေးရှားတွင် တောင်မြောက် သွယ်တန်းဖောက်လုပ်ထားသော PLUS Highway ဟူသော အဝေးပြေး လမ်းမကြီးပေါ်တွင် တည်ရှိသည့် RnR Tapah အမည်ရှိ ကားရပ်နားစခန်းတွင် ကားရပ်ရမည့်နေရာမဟုတ်ဘဲ ရပ်နားထားသော ကားတစ်စင်းကို လူတစ်အုပ်က ဝိုင်းမကာ နေရာရွှေ့ခဲ့ရပုံ ဗွီဒီယိုဖိုင်တစ်ခုမှာ TikTok လူမှုကွန်ရက်တွင် သတင်းကြီးပျံ့နှံ့နေသည်။

မိုးသည်းသော ညတစ်ညတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုကားကြောင့် တစ်နာရီခန့် လမ်းပိတ်ဆို့နေခဲ့ကာ ဗွီဒီယိုဖိုင် ကြည့်ရှုရသော လူမှုကွန်ရက်သုံးစွဲသူတို့က များစွာအမျက်ထွက်ခဲ့ကြသည်။ထိုကားပိုင်ရှင်၏ တာဝန်ယူမှု မရှိခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့အပေါ် လူမှုကွန်ရက်သုံးစွဲသူတို့က ပြစ်တင်ဝေဖန်ကြသည်။

ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရမှုအရ ထိုကားမှာ ကုန်ကားကြီးများ ရပ်နားသည့်နေရာကို ပိတ်ဆို့ထားပြီး နောက်တွဲယာဉ်တစ်စင်းမှာ ရှေ့ဆက်မသွားနိုင်ဘဲ လမ်းပိတ်နေသည်ကို တွေ့ရသည်။လမ်းပိတ်နေမှုကြောင့် အခြားကားများမှ လူ ၁၀ ဦးကျော် ရောက်ရှိလာကာ ကားကို ဝိုင်းမပြီး နေရာရွှေ့ခဲ့ရသည်။

“ခင်ဗျားက အေးအေးလူလူ ညစာသွားစားနေချိန်မှာ ခင်ဗျားကြောင့် RnR Tapah မှာ တစ်နာရီလောက် လမ်းပိတ်သွားတယ်။” “ကားရပ်ရမယ့် နေရာမဟုတ်တဲ့ ကုန်ကားကြီးတွေရှေ့ လမ်းလယ်ခေါင်မှာ ရပ်ထားခဲ့တယ်။” “ခင်ဗျားရဲ့ တာဝန်ယူမှု မရှိ၊ တစ်ကိုယ်ကောင်းဆန်တာတွေကြောင့် နောက်တွဲကားတစ်စင်း မောင်းလို့ မရဖြစ်နေတယ်။ ဒါကြောင့် တခြားကားကလူတွေကိုခေါ်ပြီး ဝိုင်းမဖို့ အကူအညီတောင်းခဲ့ရတယ်။ ကျေးဇူးပြုပြီး ဒါမျိုး ထပ်မလုပ်ပါနဲ့” အဆိုပါ ဗွီဒီယိုဖိုင်မျှဝေသူက caption ရေးသားဖော်ပြထားသည်။

ထိုကားပိုင်ရှင်၏ အခြားသူအပေါ် ငဲ့ကွက်ထောက်ထားစာနာမှု မရှိသည့်လုပ်ရပ်အပေါ် လူမှုကွန်ရက် သုံးစွဲသူတို့က ဝေဖန်ရှုတ်ချသည့် မှတ်ချက်များ ပေးကြသည်။
Arinasya အမည်ရှိ လူမှုကွန်ရက်သုံးစွဲသူက “အိုး…ဒါကြောင့် မနေ့က RnR Tapah မှာ လမ်းကြော ပိတ်နေတာကိုး…” ဟု မှတ်ချက်ပြုသည်။

“လမ်းပိတ်သွားအောင် ကြိုက်တဲ့နေရာမှာ ကားရပ်မယ်ဆိုတဲ့ လူစားမျိုးကို ကျွန်တော် တကယ်နားမလည်ဘူး။ တချို့တွေက လမ်းလယ်ကြီးမှာတောင် ကားကို ရပ်ထားခဲ့ပြီး အေးအေးလူလူ ထွက်သွား စားသောက်နေကြ တယ်။ နှစ်လမ်းမောင်းလမ်းက ဒီကားတွေကြောင့် ချက်ချင်း တစ်လမ်းမောင်းဖြစ်သွားတယ်” ဟု Wyking_24 အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူက မှတ်ချက်ပြုသည်။

Bungaa အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူကလည်း “ကားပိုင်ရှင် ဘယ်သူလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဒါက အသိတရားကို ပြနေတာပါ။ ခင်ဗျားအနေနဲ့ အရေးကြီးလို့ ကားမရပ်ရမယ့်နေရာမှာ ရပ်ခဲ့ရမယ် ဆိုရင်လည်း အနည်းဆုံးတော့ ဖုန်းနံပါတ်ထားခဲ့ပေါ့။ ဒါဆိုရင် တခြားသူတွေက ခင်ဗျားကို ဆက်သွယ်လို့ ရတာပေါ့။ တခြားသူတွေကို ခက်ခဲအောင် မလုပ်ပါနဲ့” ဟု မှတ်ချက်ပေးသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Motorists lift car blocking traffic for an hour at RnR Tapah – Netizens slam selfish driver  (thesun)