• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကာဇက်စတန်တွင် လမ်းစည်းကမ်းချိုးဖောက်မှုကြောင့် ဒဏ်ငွေချမှတ်ခြင်းခံရသော အမျိုးသားက ChatGPT ၏ အကူအညီဖြင့် ဒဏ်ငွေမဆောင်လိုကြောင်း တရားရုံးတွင် အမှုရင်ဆိုင်ရာ အနိုင်ရခဲ့

ကာဇက်စတန်တွင် လမ်းစည်းကမ်းချိုးဖောက်မှုကြောင့် ဒဏ်ငွေချမှတ်ခြင်းခံရသော အမျိုးသားက ChatGPT ၏ အကူအညီဖြင့် ဒဏ်ငွေမဆောင်လိုကြောင်း တရားရုံးတွင် အမှုရင်ဆိုင်ရာ အနိုင်ရခဲ့

  • 710 views

image-11.jpg

ကာဇက်စတန်နိုင်ငံတွင် အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် လမ်းစည်းကမ်းချိုးဖောက်မှုကြောင့် ဒဏ်ငွေချမှတ်ခံရရာ ChatGPT ၏ အကူအညီဖြင့် အမှုရင်ဆိုင်ခဲ့ရာ အနိုင်ရရှိသွားခဲ့သည်။

ကာဇက်စတန်တွင် ChatGPT ၏ အကူအညီဖြင့် ပထမဆုံး တရားရင်ဆိုင်ခဲ့သော အမှုလည်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကန်ဂျဲဘက် အစ္စမေးလော့ဗ် (Kenzhebek Ismailov) အမည်ရှိ အမျိုးသားသည် မိခင်ဖြစ်သူကို ကာဇက်စတန်၏ အကြီးမားဆုံးမြို့ကြီးဖြစ်သော အယ်လ်မာတီ (Almaty) ရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးရန် ကားမောင်းကာ ထွက်ခွာလာသည်။
ထိုသို့ ပို့ဆောင်စဉ် ရှေ့မှ ကားတစ်စင်းမှာ အကြောင်းမရှိဘဲ လမ်းလယ်ခေါင်တွင် ရုတ်တရက် ရပ်တန့်ခဲ့သည်။

အဆိုပါလမ်းမှာ ကားတစ်စင်းသာ သွားနိုင်သော လမ်းဖြစ်ရာ လမ်းတစ်ခုလုံး ပိတ်ဆို့သွားသည်။

သို့သော် ညာဘက်တွင် ဘတ်စ်ကားများအတွက် သီးသန့်ထားရှိသည့် လမ်းကြောရှိသည်။

ထိုအခြေအနေကို ဖြေရှင်းနိုင်ရန်ဆိုလျှင် ဘေးတွင်ရှိသော ဘတ်စ်ကားလမ်းကြောမှ မောင်းထွက်ခြင်း (သို့မဟုတ်) ရှေ့ကား ထွက်သည်အထိ ထိုင်စောင့်နေခြင်းဟူသော လမ်း ၂ သွယ်သာ ရွေးရန် ရှိသည်။

အစ္စမေးလော့ဗ်က ပထမ နည်းလမ်းကို ရွေးချယ်ခဲ့သည်။

သူ၏ လုပ်ဆောင်မှုကို ယာဉ်လမ်းကြော စောင့်ကြည့်ကင်မရာတို့က မှတ်တမ်းတင်ထားသောကြောင့် အစ္စမေးလော့ဗ်ထံ စာတိုက်မှတဆင့် ဒဏ်ငွေလက်မှတ်တစ်စောင် ရောက်ရှိလာသည်။

အစ္စမေးလော့ဗ်က မိမိရင်ဆိုင်ခဲ့ရသည့် အခြေအနေကို ရှင်းပြသော်လည်း ရဲတပ်ဖွဲ့က လက်မခံချေ။

ထို့ကြောင့် အစ္စမေးလော့ဗ်အနေဖြင့် ဒဏ်ငွေမဆောင်လိုပါက တရားရုံးတွင် ရင်ဆိုင်ရန်သာ ကျန်တော့သည်။

ထိုအခြေအနေတွင် ကမ္ဘာ့အကျော်ကြားဆုံး AI model တစ်ခုဖြစ်သော ChatGPT ၏ အခန်းကဏ္ဍ ပါဝင်လာသည်။

အစ္စမေးလော့ဗ်က ကာဇက်စတန်ငွေ ၅၈၀၀ တန်ဂျီ (၁၁ ဒေါ်လာ) ဒဏ်ငွေအတွက်မျှဖြင့် ရှေ့နေထံမှ အကြံဉာဏ် မတောင်းခံလို။
ထို့ကြောင့် ၎င်းက မည်သို့ တရားရင်ဆိုင်ပြောဆိုရမည်ကို ChatGPT တွင် မေးမြန်းခဲ့သည်။

ကာဇက်စတန် အမျိုးသား ယာဉ်ကြောအာဏာပိုင်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် မိမိယာဉ်စည်းကမ်း ချိုးဖောက်ခဲ့ပုံ မှတ်တမ်း ဗွီဒီယို ရှိနေကြောင်းလည်း ChatGPT ကို ပြောပြခဲ့သည်။

ထိုအခါ ChatGPT က ဒဏ်ငွေဖြတ်ပိုင်းနှင့် ပတ်သက်ပြီး တရားရုံးတွင် အမှုရင်ဆိုင်ရန် အကြံပေးခဲ့သည်။

ထို့အပြင် အမှုအတွက်လိုအပ်သော စာရွက်စာတမ်းကိစ္စများကိုပါ တည်းဖြတ်ပြင်ဆင်ပေးခဲ့သေးသည်။

အစ္စမေးလော့ဗ်က မိမိ၏ ဖြစ်ပုံကို X လူမှုကွန်ရက်တွင် ပြောပြခဲ့သည်မှာ ယာဉ်လမ်းကြော အာဏာပိုင်အဖွဲ့မှ ယာဉ်ထိန်းရဲမှာ ကနဦးတွင် အလွန်ရိုင်းစိုင်းလှကြောင်း၊ မိမိ၏ ပြောဆိုမှုကို ချက်ချင်းပင် ငြင်းပယ်ခဲ့ကြောင်း ဒဏ်ငွေပေးဆောင်ရန်သာ ပြောဆိုခဲ့ကြောင်း ပြောပြသည်။

နိုင်ငံများစွာတွင် သတ်မှတ်ထားသောကာလအတွင်း ဒဏ်ကြေးငွေ ပေးဆောင်ပါက ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးသည်။

ထို့ကြောင့် လူတစ်ဦးတစ်ယောက်အနေဖြင့် တရားရုံးတွင် အမှုရင်ဆိုင်ပြီးမှ အမှုရှုံးကာ ဒဏ်ငွေ ပေးဆောင်ရသည့်တိုင် သတ်မှတ်ကာလအတွင်းရှိနေသေးပါက ဒဏ်ငွေ တစ်ဝက်သက်သာခွင့် ရှိနေသေးသည်။
အစ္စမေးလော့ဗ်က တရားရုံးတွင် အမှုရင်ဆိုင်ခဲ့သည့်နောက်ပိုင်း အခြေအနေမှာ တမျိုးတဖုံ ပြောင်းလဲသွားသည်။

၎င်းထံသို့ ယာဉ်လမ်းကြောအာဏာပိုင်အဖွဲ့က ဆက်သွယ်လာခဲ့ပြီး ဒဏ်ကြေးငွေ ပယ်ဖျက်ပေးကာ ငွေပြန်ပေးမည်ဖြစ်ကြောင်း ပြောဆိုလာသည်။

သို့သော် အမှုမပိတ်ရန် ChatGPT က အကြံပေးခဲ့ရာ အစ္စမေးလော့ဗ်မှာ တရားရုံးတွင်သာ အမှုဆက်လက် ရင်ဆိုင်ခဲ့သည်။

တရားရုံးတွင် ၁၀ မိနစ်ကြာ ကြားနာစစ်ဆေးမှုအတွင်း အစ္စမေးလော့ဗ်ကို တရားသူကြီးက မေးခွန်းများစွာ မေးမြန်းခဲ့ရာ အစ္စမေးလော့ဗ်က ChatGPT ၏ အကူအညီဖြင့် ဖြေကြားခဲ့သည်။

အဖြေများမှာ ကောင်းမွန်နေသောကြောင့် တရားသူကြီးမှာ ဒဏ်ကြေးငွေကို ပယ်ဖျက်ပေးခဲ့ရသည်။

“ဒါက ကာဇက်စတန်မှာ ChatGPT ရဲ့ အကူအညီနဲ့ ပထမဆုံး အမှုနိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်။” ဟု အစ္စမေးလော့ဗ်က ပြောသည်။
“တရားရုံး ကြားနာစဉ်ကာလအတွင်းမှာ ကျွန်တော်က ChatGPT ရဲ့ Speech Synthesis ကို ဖွင့်ထားပါတယ်။ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ အဲဒါက ချက်ချင်းအဖြေပေးပါတယ်”

ယခုအခါ အစ္စမေးလော့ဗ်က ChatGPT ၏ အကူအညီဖြင့် ရဲတပ်ဖွဲ့ကိုပါ တရားစွဲရန် စီစဉ်နေသည်။

မိမိတရားရင်ဆိုင်နေရမှုများအတွက် အချိန်ကုန်ခဲ့ရမှုအတွက် နစ်နာကြေးအဖြစ် လျော်ကြေးပေးရန် တရားစွဲမည်ဟု ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Man successfully uses ChatGPT to win court case over traffic violation ticket