- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားတွင် အမျိုးသမီးတစ်ဦးက ရောက်မလာသေးသည့် ကားတစ်စင်းအတွက် ကားပါကင်နေရာတစ်ခုတွင် ကြာမြင့်စွာ မတ်တပ်ရပ်လျက် နေရာဦးထားသည့်ဖြစ်ရပ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ရောက်မလာသေးသည့် ကားတစ်စင်းအတွက် ကားပါကင်နေရာတစ်ခုတွင် ကြာမြင့်စွာ မတ်တပ်ရပ်လျက် နေရာဦးထားသည့်ဖြစ်ရပ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ
- 489 views
မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းတွင် အမျိုးသမီးတစ်ဦးသည် ရောက်မလာသေးသည့် ကားတစ်စင်းအတွက် နေရာဦးသည့်အနေဖြင့် ကားပါကင်နေရာတစ်ခုတွင် အချိန်အတန်ကြာ မတ်တပ်ရပ် နေရာဦးထားသည့် ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး မလေးရှား လူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှုများ မြင့်တက်လျက် ရှိသည်။
မလေးရှားတွင် ကားပါကင် နေရာဦးမှုများနှင့် စပ်လျဉ်းပြီး လူအများပြောဆိုဝေဖန်ဖွယ် အဖြစ်အပျက်များ မကြာခဏ ပေါ်ပေါက်လျက်ရှိရာ ယခုဖြစ်ရပ်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
KFC ကြက်ကြော်ဆိုင်တစ်ခု၏ အပြင်ဘက်တွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြား ဂယက်ရိုက်သွားခဲ့သည်။
ဗွီဒီယိုဖိုင်အရ အမျိုးသမီးတစ်ဦးမှာ ကားပါကင်နေရာတစ်ခုအား မတ်တပ်ရပ် နေရာဦးထားပုံကို တွေ့ရသည်။
ထိုသို့ နေရာဦးထားစဉ်တွင် ကားအဖြူရောင်တစ်စင်း ရောက်လာပြီး ကားပါကင်နေရာမှ ဖယ်ပေးရန် ထိုအမျိုးသမီးကို ပြောဆိုခဲ့သည်။
သို့သော် ယင်းအမျိုးသမီးက ငြင်းဆိုခဲ့ပြီး အချိန်အတန်ကြာ မတ်တပ်ရပ်လျက် နေရာဦးထားသည်။
နောက်ဆုံးတွင် Perodua Myvi မော်ဒယ် ကားတစ်စင်းရောက်လာပြီး ထိုနေရာတွင် ရပ်နားလိုက်သည်။
“ကားပါကင် နေရာတွေကို ဒီလိုမျိုး နေရာမဦးကြဖို့ ကျွန်တော်တို့ ဒီလောက် ပြောဆိုနေကြတာ…။ ဒါပေမယ့် လူတွေက ခုထိ နားမထောင်ကြပါဘူး”
“Farlim အရပ်မှာ ရှိတဲ့ KFC ကြက်ကြော်ဆိုင်ရှေ့ ကားပါကင်နေရာမှာ ဒီအမျိုးသမီးဟာ ၅ မိနစ်လောက် မတ်တပ်ရပ် နေရာဦးထားပြီး Myvi တစ်စင်းကို စောင့်နေခဲ့ပါတယ်။” ဟု caption ရေးသားဖော်ပြထားသည်။
(မှတ်ချက်။ Farlim အရပ်မှာ မလေးရှားနိုင်ငံ၊ ပီနန်ကျွန်း၊ ဂျော့ချ်တောင်းမြို့တွင် တည်ရှိသည်။)
လူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးသမီး၏ လုပ်ရပ်မှာ တကိုယ်ကောင်းဆန်ကာ အခြားသူတို့အပေါ် စာနာထောက်ထားမှုမရှိကြောင်း ဝေဖန်ကြသည်။
ကားပါကင်နေရာဦးနေမှုများအပေါ် တင်းကြပ်သည့် ဥပဒေများ ပြဌာန်းကာ အရေးယူမှုများ ပြုလုပ်ရန်လည်း အာဏာပိုင်တို့အား တောင်းဆိုကြသည်။
Mogen Peruman အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “Farlim အရပ်မှာ ကားပါကင်နေရာတွေကို ကုလားထိုင်တွေ၊ ပန်းအိုးတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ တခြားပစ္စည်းတွေသုံးပြီး နေရာဦးကြတာကို တော်တော်တွေ့လာရတယ်။ အခုချိန်ထိ ထိရောက်တဲ့ အရေးယူမှုတွေ မရှိသေးပါဘူး” ဟု မှတ်ချက်ပြုသည်။
Zayyan Ong အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးကလည်း “အာဏာပိုင်တွေအနေနဲ့ အရေးယူမှုတွေ လုပ်မယ်လို့ မျှော်လင့်ပါတယ်။ အရေးယူမှု မရှိသမျှ ကာလပတ်လုံး ကားပါကင်ဦးနေကြတဲ့ ဒီလိုလုပ်ရပ်တွေ ဆက်တွေ့နေရဦးမှာပါပဲ” ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Woman sparks outrage after ‘booking’ Penang parking spot by standing in it for five minutes