- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က Tesla ကို ဖြတ်ကျော်ကာ ကမ္ဘာပေါ်တွင် အရောင်းရဆုံး လျှပ်စစ်ကား ကုမ္ပဏီအဖြစ် ရပ်တည်နေသည်မှာ ၆ လ ရှိလာ
BYD က Tesla ကို ဖြတ်ကျော်ကာ ကမ္ဘာပေါ်တွင် အရောင်းရဆုံး လျှပ်စစ်ကား ကုမ္ပဏီအဖြစ် ရပ်တည်နေသည်မှာ ၆ လ ရှိလာ
- 716 views
တရုတ်ထိပ်သီး ကားထုတ်လုပ်သူ BYD သည် Tesla ကို ဖြတ်ကျော်ကာ အရောင်းရဆုံးလျှပ်စစ်ကား ကုမ္ပဏီအဖြစ် ၃ လပတ်ကာလ ၂ ခု ဆက်တိုက် ရပ်တည်နေသည်။
ထိုအခြေအနေမှာ ကမ္ဘာ့ EV လောကအခင်းအကျင်း ကြီးမားစွာ ပြောင်းလဲမှုဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်အတွင်းတွင်လည်း ထိုလမ်းကြောင်းအတိုင်း ဆက်ရှိနေဖွယ်ရှိသည်ဟု ကျွမ်းကျင်ပညာရှင်တို့က သုံးသပ်သည်။
အသစ်ထုတ်ပြန်လာသော ရောင်းအားအချက်အလက်များနှင့် Counterpoint Research ၏ ခန့်မှန်းချက်များအရ BYD ၏ အင်တိုက်အားတိုက်ချဲ့ထွင်လာသော မဟာဗျူဟာနှင့် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများကြောင့် Tesla ၏ ကာလကြာရှည် ဈေးကွက်ကြီးစိုးထားမှုကို အောင်မြင်စွာ စိန်ခေါ်နိုင်ခဲ့ကြောင်း ပြသနေသည်။
BYD သည် ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်ကာလအတွင်း အိမ်စီးလျှပ်စစ်ကား အစင်းရေ ၄၄၆,၃၈၈ ရောင်းချခဲ့ရသည်။Tesla ၏ အလားတူကာလ ရောင်းအားမှာ အစင်းရေ ၃၃၆,၆၈၁ ဖြစ်ရာ BYD ၏ ရောင်းအားမှာ များစွာသာလွန်ခဲ့သည်။BYD က ၂၀၂၄ ခုနှစ် နောက်ဆုံး ၃ လပတ်ကာလအတွင်းတွင်လည်း Tesla ၏ ရောင်းအားကို ဖြတ်ကျော်ခဲ့ဖူးသည်။ထိုစဉ်က BYD ၏ ရောင်းအားမှာ အစင်းရေ ၅၉၅,၄၁၃ ဖြစ်ပြီး Tesla ၏ ရောင်းအားမှာ အစင်းရေ ၄၉၅,၅၇၀ ဖြစ်သည်။
(▲ Tesla ၏ ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့သော ပွဲအခမ်းအနားတစ်ခု။ ဓာတ်ပုံ-Tesla)
BYD ၏ ၃ လပတ် လျှပ်စစ်ကားရောင်းအားတွင် Tesla ကို ပထမဆုံးအကြိမ် စတင်ဖြတ်ကျော်ခဲ့သည်မှာ ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ်တွင် ဖြစ်သည်။ထိုစဉ်က BYD မှာ လျှပ်စစ်ကားအစင်းရေ ၅၉၅၄၁၃ ရောင်းချခဲ့ရပြီး Tesla ၏ ရောင်းအားမှာ ၄၈၄၅၀၇ ဖြစ်သည်။
သို့သော် ယင်းနောက်ပိုင်းတွင် အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းသွားသည်။Tesla သည် တစ်နှစ်တာ ရောင်းအားတွင် BYD ကို အနည်းငယ် ဖြတ်ကျော်သွားခဲ့သည်။၂၀၂၄ ခုနှစ် BYD ၏ တစ်နှစ်တာရောင်းအားမှာ အစင်းရေ ၁,၇၆၄,၉၉၂ ဖြစ်ပြီး Tesla ၏ ရောင်းအားမှာ အစင်းရေ ၁,၇၈၉,၂၂၆ ဖြစ်သည်။
“BYD ဟာ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်းလျှပ်စစ်ကားအမှတ်တံဆိပ်အဖြစ် Tesla ကို ဖြတ်ကျော် ရပ်တည်မယ့် လမ်းကြောင်းမှာ ရှိနေပါတယ်။ BYD ဟာ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားဈေးကွက်မှာ ဈေးကွက်ဝေစု ၁၅ ဒသမ ၇ ရာခိုင်နှုန်းအထိ ရရှိထားပါတယ်” ဟု Counterpoint Research က နောက်ဆုံး ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ အိမ်စီးလျှပ်စစ်ကား ခန့်မှန်းချက်တွင် ဖော်ပြသည်။
“တရုတ်ပြည်တွင်းမှာ အားကောင်းတဲ့ မူဝါဒ ပံ့ပိုးမှုတွေနဲ့အတူ BYD ရဲ့ နည်းပညာပိုင်း ဦးဆောင်နိုင်မှု၊ Vertically integrated model တွေနဲ့ အင်တိုက်အားတိုက် လုပ်ငန်းချဲ့ထွင်မှုတွေကြောင့် အခုလို milestone ကို ရောက်ရှိလာတာ ဖြစ်ပါတယ်”
BYD ယခုကဲ့သို့ ထောင်တက်သွားခြင်း၏ အဓိက အကြောင်းရင်းတစ်ခုမှာ ၎င်းတို့ မကြာသေးမီက ချပြခဲ့သော ultra-fast charging system ကြောင့် ဖြစ်သည်။အဆိုပါ အလွန်လျင်မြန်သော အားသွင်းစနစ်မှာ လျှပ်စစ်ကား၏ performance အတွက် အရေးပါသည့် အောင်မြင်မှုကြီးတစ်ခု ဖြစ်သည်။BYD ၏ ultra-fast အားသွင်းစနစ်တွင် 1000 V electrical architecture ကို အသုံးပြုထားသည်။ထိုစနစ်နှင့်အတူ 10C Charging rate ဘက်ထရီ၊ silicon carbite power chip များနှင့် BYD ၏ Blade ဘက်ထရီနည်းပညာတို့ အသုံးပြုထားသည်။
“BYD ရဲ့ ultra-fast အားသွင်းစနစ်ဟာ ၅ မိနစ် အားသွင်းရုံနဲ့ ကီလို ၄၀၀ မောင်းနိုင်မယ့် ဘက်ထရီအား ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ လျှပ်စစ်ကားလောကမှာ မှတ်တိုင်သစ်တစ်ခုပါပဲ။ ဒီစွမ်းဆောင်ရည်ဟာ Tesla ရဲ့ supercharger ရဲ့ စွမ်းဆောင်ရည်ကို ဖြတ်ကျော်သွားပါတယ်။ supercharger ဟာ ၁၀ မိနစ်အားသွင်းရင် ၂၇၅ ကီလိုမောင်းနိုင်မယ့် အားကို ရပါတယ်” ဟု counterpoint မှ Research Analyst ဖြစ်သူ Abhik Mukherjee က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD dethrones Tesla as world’s top BEV seller for two consecutive quarters