• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဆွစ်ဇာလန်တွင် အမျိုးသားတစ်ဦးကို အခြားကား၏ နောက်တွင် နီးကပ်စွာ မောင်းနှင်မှုဖြင့် တရားရုံးက ဒေါ်လာ ၁၁၀၀၀၀ ဒဏ်ငွေချမှတ်၊ ၎င်းမောင်းခဲ့သော ကားတန်ကြေးထက်ပင် ၂ ဆကျော် များပြားသည့် ဒဏ်ငွေဖြစ်

ဆွစ်ဇာလန်တွင် အမျိုးသားတစ်ဦးကို အခြားကား၏ နောက်တွင် နီးကပ်စွာ မောင်းနှင်မှုဖြင့် တရားရုံးက ဒေါ်လာ ၁၁၀၀၀၀ ဒဏ်ငွေချမှတ်၊ ၎င်းမောင်းခဲ့သော ကားတန်ကြေးထက်ပင် ၂ ဆကျော် များပြားသည့် ဒဏ်ငွေဖြစ်

  • 2540 views

ဆွစ်ဇာလန်နိုင်ငံတွင် ကားမောင်းသူတစ်ဦးသည် ယာဉ်ကြောအတွင်း ရှေ့ကား၏ နောက်ဘက်မှ နီးကပ်စွာ မောင်းနှင်မှုဖြင့် ကန်ဒေါ်လာ ၁၀၀၀၀၀ ကျော် ဒဏ်ငွေချမှတ်ခြင်းခံခဲ့ရသည်။

ထိုဒဏ်‌ကြေးငွေမှာ ၎င်းစီးနေသည့် ကားတန်ကြေးထက် ၂ ဆခန့် များပြားသော ပမာဏလည်း ဖြစ်သည်။

ဆွစ်ဇာလန်သည် တင်းကြပ်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများ၊ အလွန်တရာ များပြားလှသော ဒဏ်ကြေးငွေ ချမှတ်ခြင်းများဖြင့် နာမည်ကြီးသည်။

ဆွစ်ဇာလန်သည် ဒဏ်ကြေးချမှတ်ရာတွင် ဝင်ငွေခွန်အပေါ် မူတည်ကာ ချမှတ်လေ့ရှိသည့် ဥရောပနိုင်ငံ အနည်းငယ်အနက် တစ်ခုအပါအဝင် ဖြစ်သည်။

ထိုသို့ ဝင်ငွေခွန်ပေါ် မူတည်တွက်ချက်ပြီး ဒဏ်ငွေချမှတ်ခြင်းမှာ ဥပမာ- လမ်းစည်းကမ်းချိုးဖောက်မှုအတွက် ဒေါ်လာ ၃၀၀ ဟု ပုံသေသတ်မှတ်ထားပါက သန်းကြွယ်သူဌေးများအဖို့ ထိုငွေ ပမာဏမှာ သမုဒ္ဒရာထဲမှ ရေတစ်စက် လျော့သွားသလောက်သာရှိပြီး မှုလောက်စရာ မရှိသောကြောင့် ဖြစ်သည်။

ထိို့ကြောင့် နောင်ကြဉ်စေမည့်၊ မှတ်လောက်သားလောက်ရှိစေမည့်၊ နောက်တစ်ကြိမ် မကျူးလွန်စေရန် ဟန့်တားနိုင်မည့် ဒဏ်ငွေမျိုး ချမှတ်နိုင်ရေးအတွက် ဝင်ငွေခွန်ကို အခြေခံတွက်ချက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဆွစ်ဇာလန်တွင် နေထိုင်မည်ဆိုပါက သင့်အနေဖြင့် ချမ်းသာလေလေ ..အသေးအဖွဲ ပြစ်မှုတစ်ခုအတွက်ဆိုလျှင်ပင် ပေးဆောင်ရမည့် ဒဏ်ကြေးငွေ မြင့်မားလေလေ ဖြစ်သည်။

အချို့ဖြစ်ရပ်များတွင် လမ်းစည်းကမ်းဖောက်သောကြောင့် ချမှတ်ခံရသည့် ဒဏ်ကြေးမှာ မိမိစီးလာသည့် ကားတန်ကြေးထက်ပင် များပြားနေခြင်းများလည်း ရှိသည်။

ဆွစ်ဇာလန်တွင် ရှေ့နေတစ်ဦးသည် ရှေှ့ကား၏ နောက်မှ နီးကပ်စွာ မောင်းနှင်သောကြောင့်ဟုဆိုကာ ကန်ဒေါ်လာ ၁၁၀၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံလိုက်ရသည်။

ဆွစ်ဇာလန် အာဏာပိုင်တို့က ရှေ့ကားကို ကပ်လိုက်သည့် ရှေ့နေ၏ ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များ ထုတ်ပြန်ခြင်းမရှိချေ။
အဆိုပါ အမျိုးသားသည် တရားရုံးသို့ ပို့ဆောင်ခံခဲ့ရပြီး တစ်ရက်လျှင် ဆွစ် ဖရန့်ငွေ ၁၉၇၀ (ဒေါ်လာ ၂၂၀၀) နှုန်းဖြင့် ရက်ပေါင်း ၅၀ ဒဏ်ငွေပေးဆောင်ရန် အမိန့်ချမှတ်ခြင်းခံရသည်။

ထို့ကြောင့် ပေးဆောင်ရမည့် ဒဏ်ငွေ စုစုပေါင်းမှာ ဆွစ်ဖရန့် ၉၈၅၀၀ (ကန်ဒေါ်လာ ၁၀၉၅၀၀) ဖြစ်သည်။

အဆိုပါဒဏ်ငွေပမာဏမှာ ၎င်း၏ တစ်နှစ်တာဝင်ငွေ ဆွစ်ဖရန့် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၈ သန်း) ကို အခြေခံ တွက်ချက်ထားခြင်း ဖြစ်သည်။

ထိုဒဏ်ငွေအပြင် တရားရုံးစရိတ် ဆွစ်ဖရန့် ၁၃၀၀၀ (ကန်ဒေါ်လာ ၁၄၅၀၀) ပေးဆောင်စေရန်လည်း တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း 20Min သတင်းဌာနက ဖော်ပြသည်။
သို့သော် စိတ်သက်သာရာရဖွယ်အချက်တစ်ခုရှိသည်။

၎င်းအနေဖြင့် နောက် ၂ နှစ်တာအတွင်း အခြားစည်းကမ်းချိုးဖောက်မှုများ မလုပ်ပါက အဆိုပါဒဏ်ငွေ ဒေါ်လာ ၁၁၀၀၀၀ ကို ပေးဆောင်စရာ မလိုချေ။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Swiss Court Says $110,000 Tailgating Fine Is Totally Fair If You’re A Millionaire