• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန်တွင် ကားအိမ်တစ်ခု တွဲချိတ်ထားသည့် BMW ကားတစ်စင်း ခိုးယူကာ မိုင် ၄၀ ကျော် မောင်းသွားသော ၁၂ နှစ်သား ကလေးငယ်တစ်ဦးကို တစ်နိုင်ငံလုံးရှိ ရဲတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေလျက်ရှိ

ဗြိတိန်တွင် ကားအိမ်တစ်ခု တွဲချိတ်ထားသည့် BMW ကားတစ်စင်း ခိုးယူကာ မိုင် ၄၀ ကျော် မောင်းသွားသော ၁၂ နှစ်သား ကလေးငယ်တစ်ဦးကို တစ်နိုင်ငံလုံးရှိ ရဲတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေလျက်ရှိ

  • 2096 views

ဗြိတိန်တွင် အသက် ၁၂ နှစ်သားလေးတစ်ဦးမှာ ရဲတပ်ဖွဲ့၏ အလိုအရှိဆုံး တရားခံတစ်ဦး ဖြစ်နေသည်။

အဆိုပါ ဆယ်ကျော်သက် ကလေးငယ်သည် ကားအိမ်တစ်ခု ချိတ်တွဲထားသော BMW တစ်စင်းကို ခိုးယူပြီး မိုင် ၄၀ ခန့် အပျော် ကားခိုးမောင်းသွားခဲ့ခြင်း ဖြစ်သည်။ထိုကလေးငယ်ကို Harrogate ရာဇဝတ်တရားရုံးတွင် မတ်လ ၁၄ ရက်၌ စတင်စစ်ဆေးရန် ရုံးချိန်းပေးခဲ့သော်လည်း တရားရုံးသို့ ရောက်မလာသဖြင့် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။ဝရမ်းပြေးဖြစ်နေသော ကလေးငယ်ကို ယခုအခါ ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံးတွင် ခြေရာခံ ရှာဖွေလျက် ရှိနေသည်။

တရားရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က “ကလေးတစ်ဦးဟာ Harrogate ရာဇဝတ်တရားရုံးမှာ အမှုရင်ဆိုင်ရဖို့ ရှိပါတယ်။ သူ့ကို ကားတစ်စင်း ခိုးယူမှုနဲ့ တရားစွဲထားပါတယ်။ တန်ကြေးတော့ မသိရပါဘူး။ အန္တရာယ်ရှိလောက်အောင် မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။

(▲ ဝရမ်းပြေးဖြစ်နေသော ဆယ်ကျော်သက်ကလေးတွင် အမြဲတမ်း နေထိုင်သည့် လိပ်စာမရှိ။ ဓာတ်ပုံ- Getty Images)

“တရားခံက တရားရုံးကို ရောက်မလာခဲ့ပါဘူး။ သူ့ကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။ သူဟာ ရေကြည်ရာ မြက်နုရာသွားလာနေတဲ့ အုပ်စုထဲကဖြစ်ပြီး အခြေတကျလိပ်စာ မရှိပါဘူး။”အင်္ဂလန်နိုင်ငံ၊ နော့သ် ယော့ရှိုင်းယားခရိုင် Thirsk မြို့ရှိ ပန်းခြံတစ်ခုတွင် ကားအိမ်တစ်ခုနှင့် ချိတ်တွဲထားသော BMW X5 တစ်စင်း ခိုးယူခံလိုက်ရပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်။အဆိုပါ ဆယ်ကျော်သက် ကလေးငယ်သည် ကားအိမ်တွဲလျက်ပါသော BMW ကို နော့သ် ယော့ရှိုင်းယားခရိုင်ရှိ A1M လမ်းမကြီးတစ်လျှောက် မိုင် ၄၀ ခန့် မောင်းနှင်ခဲ့သည်။

 

(▲ ဝရမ်းပြေးဖြစ်နေသော ကလေးငယ်သည် ကားခိုးပြီးနောက် မိုင် ၄၀ ခန့် အပျော် ခိုးမောင်းခဲ့သည်။ ဓာတ်ပုံ- Getty Images)

 

ကားနောက်တွဲအိမ်မှာ Jannie Forth ဆိုသည့် အမျိုးသမီး ပိုင်ဆိုင်ခြင်း ဖြစ်သည်။လိဒ်မြို့တွင် နေထိုင်သော Jannie က “ကျွန်မတို့ ကားအိမ် ရပ်နားစခန်းကို ရောက်လာခဲ့ကြပါတယ်။ အဲဒီမှာ ကျွန်မတို့ရဲ့ ကားအိမ်ကို ခိုးယူခံလိုက်ရတာဖြစ်ပါတယ်။”Jannie က သူ၏ ကားအိမ်တွင် နောက်ဆုံးပေါ် ခြေရာခံစက် တပ်ဆင်ထားသော်လည်း ထိုကလေးငယ်က ခြေရာခံ၍ မရစေရန် ဖျက်ဆီးပစ်ခဲ့သည်။
((ဥပဒေကြောင်း အခြေအနေ))

ထိုကလေးငယ်ကို ကားခိုးမှု (BMW)၊ အန္တရာယ်ရှိစေသည့် မောင်းနှင်မှု၊ ခိုးရာပါပစ္စည်းများ ကိုင်တွယ်ထားရှိမှု (ကားအိမ်)တို့ဖြင့် အမှုဖွင့် တရားစွဲထားသည်။လိဒ်မြို့၊ Garforth အနီးတွင် ကနဦးဖမ်းဆီးနိုင်ခဲ့ပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

မတ်လ ၁၄ ရက်တွင် တရားရုံးသို့ လာရမည်ဖြစ်သော်လည်း ရောက်မလာသောကြောင့် ဖမ်းဝရမ်း ထုတ်ဆင့်ခဲ့သည်။BMW နှင့် ကားအိမ်တို့ကို သီးခြားစီ ခိုးယူခြင်းမဟုတ်ဘဲ တွဲလျက်ထားရှိသော အခြေအနေမှ မောင်းပြေးသွားခဲ့ခြင်း ဖြစ်သည်။အဖမ်းခံရချိန်တွင် ထိုကလေးမှာ ၁၁ နှစ်သားအရွယ်သာရှိသေးရာ ကားအိမ်တွဲလျက်ပါနေသော BMW တစ်စင်းကို မောင်းနိုင်သည်မှာ အံအားသင့်ဖွယ်ပင် ဖြစ်သည်။


((ရဲတပ်ဖွဲ့၏ မှတ်ချက်))

ထိုကလေးကို ဖမ်းဆီးခဲ့သော ရဲတပ်ကြပ်ကြီး Paul Cording က သူ၏ တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာအတွင်း အထူးဆန်းဆုံးအမှုဖြစ်ကြောင်းပြောသည်။

ဗြိတိန်တွင် ရာဇဝတ်မှုများအတွက် တာဝန်ရှိသည့် အသက်အရွယ် သတ်မှတ်ချက်မှာ ၁၀ နှစ်အထက်ဖြစ်ရာ ထိုကလေးမှာ ပြန်လည်ဖမ်းဆီးရရှိပါက ရာဇဝတ်မှုဖြင့် တရားစွဲခံရမည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Traveller boy, 12, 'caught driving stolen BMW pulling caravan' now running from cops