- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဆက်တိုက်ကျဆင်းနေတဲ့ စက်သုံးဆီဈေးပြန်လည်မြင့်တက်လာပြီး တစ်လီတာကို ငွေကျပ် (၇၀) ကျော် ဈေးမြင့်တက်
ဆက်တိုက်ကျဆင်းနေတဲ့ စက်သုံးဆီဈေးပြန်လည်မြင့်တက်လာပြီး တစ်လီတာကို ငွေကျပ် (၇၀) ကျော် ဈေးမြင့်တက်
- 157 views
စက်တင်ဘာလ နောက်ဆုံးအပတ်ကစပြီး ဆက်တိုက်ကျဆင်းလာတဲ့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ အခုအောက်တိုဘာလ ဒုတိယအပတ်အစမှာပဲ ဈေးပြန်လည်မြင့်တက်လာပြီး အောက်တိုဘာလ (၁၀) ရက် နေ့မှာ 92 တစ်လီတာကို ငွေကျပ် (၂၀၁၅) ကျပ်အထိ ပေါက်ဈေးရှိလာတယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းတွေအရ သိရပါတယ်။ ပြီးခဲ့လပိုင်းတွေတုန်းက ပြည်တွင်းစက်သုံးဆီဈေးတွေဟာ တစ်လီတာကိုငွေကျပ် (၂၆၀၀) ကျော် အထိ ဈေးမြင့်လာပြီး အောက်တိုဘာလ ပထမအပတ်မှာ ငွေကျပ် (၁၉၀၀) အောက်ကို ပြန်ကျလာတာဖြစ်ပါတယ်။
အောက်တိုဘာလ (၉) ရက်နေ့မှာ 92တစ်လီတာကို (၁၉၄၅) ကျပ် ရှိရာကနေ အောက်တိုဘာလ (၁၀) ရက် နေ့မှာတော့ ငွေကျပ် (၂၀၁၅) ကျပ်အထိ ဈေးမြင့်လာတဲ့အတွက် တစ်ရက်အတွင်းမှာ ငွေကျပ်(၇၀)ကျော်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ စက်သုံးဆီတွေကို ဦးစားပေးနံပါတ်(၁)အဖြစ် တင်သွင်းသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပြီး တစ်ပတ်အတွင်းမှာ စက်သုံးဆီဈေး အနည်းငယ်ပြန်တက်လာတာပါ။
အောက်တိုဘာလ (၁၀) ရက်နေ့ရဲ့ စက်သုံးဆီဈေးနှုန်းတွေကတော့ 95 Ron တစ်လီတာကို ငွေကျပ် (၂၁၁၅) ကျပ်၊ HSD (500 ppm) တစ်လီတာကို ငွေကျပ် (၂၃၁၀) နဲ့ HSD (50 ppm) တစ်လီတာကို ငွေကျပ် (၂၃၅၀)ကျပ် ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းတွေအရ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com