- ပင်မစာမျက်နှာ
- ကားသတင်းများ
- Huawei က ၎င်းတို့၏ Maextro S800 luxury ဆီဒင်ကို ဝေဖန်သော တရုတ်လူမှုကွန်ရက် influencer တစ်ဦးအား နစ်နာကြေး ဒေါ်လာ ၁၄၀၀၀၀ ရလိုမှုဖြင့် တရားစွဲ
Huawei က ၎င်းတို့၏ Maextro S800 luxury ဆီဒင်ကို ဝေဖန်သော တရုတ်လူမှုကွန်ရက် influencer တစ်ဦးအား နစ်နာကြေး ဒေါ်လာ ၁၄၀၀၀၀ ရလိုမှုဖြင့် တရားစွဲ
- 387 views
တရုတ်ပြည်မှ နည်းပညာထိပ်သီးကုမ္ပဏီကြီး Huawei သည် တရုတ်ပြည်တွင်း ကားလောက influencer တစ်ဦးကို နစ်နာကြေး ကန်ဒေါ်လာ ၁၄၀၀၀၀ ရလိုမှုဖြင့် တရားစွဲလိုက်သည်။အဆိုပါ ကားဘလော့ဂါသည် Huawei က ထုတ်လုပ်သော Maextro S800 ကို ဝေဖန်ခဲ့သောကြောင့် Huawei က တရားစွဲခြင်းလည်း ဖြစ်သည်။
အဆိုပါ ကားဘလော့ဂါကလည်း Huawei ကို ကန်ဒေါ်လာ ၃၄၀၀၀၀ ရလိုမှုဖြင့် တန်ပြန်တရားစွဲမည် ဖြစ်ကြောင်း တုံ့ပြန်ထားသည်။
( ▲ Maextro S800 )
ပြီးခဲ့သော ရက်သတ္တပတ်အနည်းငယ်က Huawei သည် ဗွီဒီယိုဖိုင်များ တရားဝင်ထုတ်ပြန်ခဲ့သည်။ ဗွီဒီယိုအတွင်း Huawei က ၎င်းတို့၏ Maextro S800 ကို Mercedes Maybach S680 နှင့် အမျိုးမျိုးအဖုံဖုံ နှိုင်းယှဉ်ပြထားရာ Crab walk စမ်းသပ်မှုလည်း ပါဝင်သည်။
တစ်ခုသော ဗွီဒီယိုဖိုင်တွင် Huawei က Maextro S800 နှင့် Maybach S680 ၂ မျိုးလုံး၏ suspension system များကို နှိုင်းယှဉ်မောင်းနှင် စမ်းသပ်ပြထားသည်။ရေအိုင်ငယ်၊ မှန်သားပြင်နှင့် သဲပြင်တို့အပေါ် ဖြတ်မောင်းကာ စမ်းသပ်ပြခြင်း ဖြစ်သည်။ရလဒ်များကို ပြသထားမှုအရ Maextro S800 သည် ရေအိုင်၊ မှန်ပြင်နှင့် သဲတို့ကို ဖြတ်သန်းမောင်းနှင်ရာတွင် ဆိုးဆိုးရွားရွား အရာယွင်းကျန်ရစ်မှု မရှိခဲ့။Maybach မှာမူ မှန်သားပြင်ကွဲသွားသည့်အပြင် ရေအိုင်ကို ဖြတ်သန်းချိန်တွင်လည်း ရေများ နေရာအနှံ့ စင်ထွက်သွားပုံကို ပြသထားသည်။
Huawei က အဆိုပါဗွီဒီယိုဖိုင်ကို ပြသကာ Maextro S800 မှာ သက်သောင့်သက်သာရှိမှု ပိုမိုသာလွန်ကြောင်း ပြသခဲ့သည်။သို့သော် ကားဘလော့ဂါတို့အကြားတွင်မူ Huawei ၏ စမ်းသပ်ချက်အပေါ် များစွာသံသယ ရှိကြသည်။
(▲ Maextro S800 (ဝဲ) နှင့် Maybach S680 (ယာ) တို့ကို နှိုင်းယှဉ်ပြသမှု)
Racing Frappuccino (赛车星冰乐) ဟူသော ကားဘလော့ဂါ influencer တစ်ဦးက Weibo လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တစ်ခု တင်ခဲ့သည်။ဗွီဒီယိုထဲတွင် ၎င်းက ပြောပြသည်မှာ Huawei ၏ နှိုင်းယှဉ်ပြသမှု ဗွီဒီယိုမှာ ခက်ခဲရှုပ်ထွေးသော သင်္ချာဖော်မြူလာများဖြင့် ဂရုတစိုက် တွက်ချက်စမ်းသပ်ထားမှုသာဖြစ်ကြောင်း ပြောသည်။
Maextro S800 ၏ ဖြတ်သန်းမောင်းနှင်မှု မြန်နှုန်းနှင့် အလေးချိန်တို့ကို တွက်ချက်ပြီးနောက် ရေအိုင်၏ အနက်ကို ၄ ဒသမ ၅ စင်တီမီတာသာ ထားရှိခဲ့ကြောင်း၊ အဆိုပါ ရေအနက်မှာ Maextro S800 အတွက် ရေ (သို့မဟုတ်) အခြားပစ္စည်းများ စင်မထွက်စေဘဲ မောင်းနိုင်မည့် အနက်အတိအကျဖြစ်ကြောင်း Frappuccino က ဗွီဒီယိုထဲတွင် ပြောပြခဲ့ရာ အဆိုပါဗွီဒီယိုအတွက် တရားစွဲခံရခြင်းလည်း ဖြစ်သည်။
Frappuccino က ပြောသည်မှာ Huawei က စမ်းသပ်ပြသည့် ဗွီဒီယိုဖိုင်မှာ Maextro S800 က သက်သောင့်သက်သာရှိမှု (သို့မဟုတ်) suspension စနစ်ပိုကောင်းမှု ရှိသည်ဟု မတွက်ဆနိုင်ကြောင်း ပြောသည်။
အဆိုပါဗွီဒီယိုမှာ Huawei က ဈေးကွက်အရောင်းမြှင့်တင်ရန် ကြိုးစားမှုတစ်ခုသာဖြစ်ကြောင်း၊ Huawei သည် ပြည်တွင်းဖြစ်များကို အားပေးသည့် ကျိကျိတက်ချမ်းသာသော မျိုးချစ်တရုတ်လူမျိုးများကို ပစ်မှတ်ထား ကြော်ငြာခြင်းဖြစ်ကြောင်းလည်း Frappuccino က ပြောသည်။သူ၏ ဗွီဒီယိုမှာ အင်တာနက်တွင် လူအများ အာရုံစိုက်ခြင်းခံခဲ့ရသည်။ယင်းနောက် Frappuccino က တောင်းပန်ပါသည်ဟု Troll ထားသည့် ဗွီဒီယိုတစ်ခု ထပ်တင်ခဲ့ပြန်သည်။၎င်းက Huawei ၏ အဖွင့်မိတ်ဆက်အသံကို တုပကာ troll ခဲ့ခြင်း ဖြစ်သည်။
(▲ ကားဘလော့ဂါ၏ troll ဗွီဒီယို မြင်ကွင်း)
Huawei သည် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က အမေရိကန်နှင့် chip စစ်ပွဲဆင်နွှဲခဲ့ရာ Huawei ကို တရုတ်ပြည်တွင် မျိုးချစ် brand တစ်ခုအဖြစ် ရှုမြင်ကြသည်။
Maextro S800 သည် Huawei နှင့် JAC တို့ ဖက်စပ်ထုတ်လုပ်ခြင်း ဖြစ်သည်။ကိုယ်ထည်မှာ နှစ်ရောင်စပ်ဖြစ်ပြီး အမိုးပေါ်တွင် LiDAR sensor ပါသည်။Dimension မှာ 5480/ 2000/ 1536 mm ရှိပြီး wheelbase မှာ 3370 mm ရှိရာ အကြီးစားဆီဒင် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Huawei sues Chinese influencer over Maextro S800 luxury sedan criticism