တိုးဂိတ်တွေမှာ လမ်းအသုံးပြုခနှုန်းထားတွေကို Online စနစ်ဖြင့်ငွေပေးချေနိုင်ရေးဆောင်ရွက်ရန်လိုအပ်ဟုဆို

  • 289 views

 

တိုးဂိတ်တွေမှာ လမ်းအသုံးပြုခနှုန်းထားတွေကို သိသာထင်ရှားအောင် ဆိုင်းဘုတ်တွေစိုက်ထူထားဖို့နဲ့ လမ်းအသုံးပြုခတွေကို သတ်မှတ်နှုန်းထားထက် ပိုမကောက်ခံဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေက ပြောပါတယ်။ ဒါ့အပြင် လမ်းအသုံးပြုခနှုန်းထားတွေကို Online စနစ်နဲ့ ငွေပေးချေနိုင်ရေး ဆောင်ရွက်ဖို့လိုအပ်ပြီး တိုးဂိတ်တွေမှာ Cash Lane ၊ K-pay Lane ဆိုပြီး သတ်မှတ်ဆောက်ရွက်ဖို့ မှာကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်လမ်းပိုင်း)ပေါ်ရှိ တိုးဂိတ်တွေကို သွားရောက်စစ်ဆေးစဉ် ပြောဆိုခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။

လမ်းအသုံးပြုခ ကောက်ခံရရှိမှုတွေကိုလည်း စာရင်းစစ်ခံနိုင်တဲ့အထိ ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။ ယာဉ်စာရင်းအရေအတွက်နဲ့ ကောက်ခံငွေကို မှန်ကန်စွာစာရင်းသွင်းဖို့နဲ့ နိုင်ငံတော်အတွက် ဘတ်ဂျတ်ငွေ ထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ တိုးဂိတ်တွေမှာ လမ်းအသုံးပြုခကောက်ခံမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေဖို့အတွက် တာဝန်ရှိသူအဆင့်ဆင့် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

အဲဒီ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်လမ်းပိုင်း)ပေါ်မှာ နေပြည်တော်လမ်းဆုံ တိုးဂိတ်၊ နေပြည်တော်မီနီတိုးဂိတ်၊ သာဂရ တိုးဂိတ်၊ တောင်ငူတိုးဂိတ်၊ အုတ်တွင်းတိုးဂိတ်၊ ဖြူးတိုးဂိတ်၊ ဒရယ်မီးတိုးဂိတ်၊ ဘောနတ်ကြီးတိုးဂိတ်နဲ့ အမှတ်(၃)တိုးဂိတ်ဆိုပြီး တိုးဂိတ်(၉)ခုရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com