- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် Xiaomi SU7 Ultra ၏ တံဆိပ်ခိုးယူခံရမှု ဖြစ်ပွား၊ ပထမအသုတ် ကားများ၏ တံဆိပ်များမှာ၂၄ ကာရက်ရွှေဖြင့် မွမ်းမံအလှဆင်ထားကြောင်းသိရ
တရုတ်ပြည်တွင် Xiaomi SU7 Ultra ၏ တံဆိပ်ခိုးယူခံရမှု ဖြစ်ပွား၊ ပထမအသုတ် ကားများ၏ တံဆိပ်များမှာ၂၄ ကာရက်ရွှေဖြင့် မွမ်းမံအလှဆင်ထားကြောင်းသိရ
- 379 views
တရုတ်ပြည်တွင် Xiaomi SU7 Ultra တံဆိပ် ခိုးယူခံရမှု ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့သည်။
အဆိုပါ တံဆိပ်တွင် ပါဝင်သောရွှေမှာ ၂၉ ဒေါ်လာသာ တန်ကြေးရှိသော်လည်း ဝယ်ရောင်းသမားတို့က အဆိုပါတံဆိပ်ကို ဒေါ်လာ ၂၀၀ အထိပေးကာ ဝယ်ယူရန် ကမ်းလှမ်းလျက်ရှိကြသည်။
အဆိုပါဖြစ်ရပ်ကြောင့် Xiaomi SU7 Ultra ကားပိုင်ရှင်များ ရတက်မအေးဖြစ်လာကြသည်။
Xiaomi ၏ စီအီးအိုဖြစ်သူ Lei Jun က Xiaomi SU7 Ultra ပထမဆုံးအသုတ် ဝယ်ယူခဲ့သည့် ပိုင်ရှင်များအတွက် Special Edition အဖြစ် ကားတံဆိပ်များကို ၂၄ ကာရက်ရွှေဖြင့် ပုံဖော်အလှဆင် ထုတ်လုပ်ပေးခဲ့သည်။
ထိုအကြောင်းကို ကြေညာလိုက်ချိန်တွင် တံဆိပ်ကို ခိုးယူကာ ရောင်းစားခံရမည့်အရေး စိုးရိမ်ကြသည်။
အဆိုပါ စိုးရိမ်မှုများအပေါ် စီအီးအို Lei Jun က Weibo လူမှုကွန်ရက်မှတဆင့် ပြောသည်မှာ “တံဆိပ်မှာပါတဲ့ ရွှေက အလွှာပါးလေးတစ်ခုလောက်ပါပဲ။ အားလုံးပဲ ကျေးဇူးပြုပြီး တံဆိပ်ကို ခိုးဖို့ စိတ်မကူးကြပါနဲ့။ ဒီလောက်ရွှေလေးနဲ့ ဥပဒေကို ချိုးဖောက်ရတာ မတန်ပါဘူး” ဟု ဆိုသည်။
(▲ ဓာတ်ပုံရင်းမြစ်-Weibo)
သို့သော် RedNote လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ကားတံဆိပ်မရှိတော့သည့် Xiaomi SU7 Ultra တစ်စင်းကို လမ်းပေါ်တွင် တွေ့ရှိခဲ့ပုံကို မျှဝေလာသည်။
အဆိုပါဖြစ်ရပ်ကြောင့် အခြားသော Xiaomi SU7 Ultra ကားပိုင်ရှင်တို့ကလည်း တံဆိပ်ပျောက်မည်ကို စိုးရိမ်လာကြသည်။
ကားဘလော့ဂါတစ်ဦး၏ ပြောပြချက်အရ ၎င်း၏ Xiaomi SU7 Ultra ကားမှ တံဆိပ်ကို ပန်းထိမ်သို့ ပို့ခဲ့ပြီး အရည်ကြိုကြည့်ရာ ရွှေ ၀ ဒသမ ၃ ဂရမ်သာ ပါဝင်သည်ကို တွေ့ရကြောင်း၊ ထိုပမာဏမှာ ကမ္ဘာ့ရွှေဈေးအရ ၂၉ ဒသမ ၂၂ ဒေါ်လာသာ တန်ကြေးရှိသည်ကို တွေ့ရကြောင်း ပြောသည်။
(▲ ဓာတ်ပုံရင်းမြစ်-Weibo)
တရုတ်ပြည်တွင် တစ်ပတ်ရစ်များ ရောင်းချသည့် အကြီးမားဆုံး အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်သော XianYu တွင် ရှာဖွေလေ့လာချက်များအရ Xiaomi SU7 Ultra မှ တံဆိပ်ပြားကို လူတစ်ဦးက အမှန်တကယ်ရောင်းချခဲ့သည်ကို တွေ့ရသည်။
ထိုသူက ကန်ဒေါ်လာ ၂၀၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ရာ ထိုငွေပမာဏမှာ တံဆိပ်ပြားတွင် ပါသည့် ရွှေ၏ တန်ကြေးထက် များစွာများပြားနေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: First Xiaomi SU7 Ultra badge got stolen, and it has 0.3g of 24k gold on it