- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိမ်မွေးခွေးကလေးများမှာ ဆီကားများထက် EV များကို ပိုမိုနှစ်သက်ကြောင်း အင်္ဂလန်မှ သုတေသန လေ့လာချက်တွင် တွေ့ရှိ
အိမ်မွေးခွေးကလေးများမှာ ဆီကားများထက် EV များကို ပိုမိုနှစ်သက်ကြောင်း အင်္ဂလန်မှ သုတေသန လေ့လာချက်တွင် တွေ့ရှိ
- 202 views
အိမ်မွေးခွေးကလေးများသည် ဓာတ်ဆီ၊ ဒီဇယ်ကားများထက် EV ဖြင့် ခရီးသွားရခြင်းကို ပိုမိုနှစ်သက်ကြကြောင်း မကြာသေးမီက လေ့လာချက်သစ်တစ်ခုအရ သိရှိရသည်။
iTV ၏ daytime programme ဖြစ်သော This Morning တွင် မကြာခဏ အကြံပေးချက်များ ဖြေကြားပေးနေသော တိရ စ္ဆာန်ကု ဆရာဝန် ဒေါက်တာ စကော့ မေလာက ယခုလေ့လာချက်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ စကော့မေလာ၏ လေ့လာချက်အရ မိမိတို့ ချစ်မြတ်နိုးကြသော ခွေးကလေးများသည် ဆီကားများထက် EV များတွင် ပိုမိုစိတ်လက်ပေါ့ပါးကြကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
(▲ အိမ်မွေးခွေးကလေးများသည် ဓာတ်ဆီ၊ ဒီဇယ်ကားများထက် EV ကို ပိုမိုနှစ်သက်ကြောင်း ဒေါက်တာ စကော့မေလာက တွေ့ရှိခဲ့သည်။ ဓာတ်ပုံ-PinPep)
(▲ EV များစီးရလျှင် ပိုမိုအေးချမ်းငြိမ်သက်စွာရှိကြကြောင်း တွေ့ရှိခဲ့သည်။ ဓာတ်ပုံ-PinPep)
အဆိုပါ လေ့လာချက်တွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် လျှပ်စစ်ကား ၃ မျိုးဖြင့် ခရီးသွားလာရာ၌ ခွေးကလေးများ၏ နှလုံးခုန်နှုန်းကို စမ်းသပ်ကြည့်ခြင်းလည်း ပါဝင်သည်။
ဒေါက်တာ စကော့မေလာသည် မန်ဂိုဟု အမည်ပေးထားသော တစ်နှစ်သားအရွယ် နားရွက်ဖား ခွေးစုတ်ဖွားမျိုးကို အင်္ဂလန်နိုင်ငံ၊ ဆာရေးခရိုင်ရှိ Dunsfold လေယာဉ်ကွင်းတွင် ကားများပေါ် တင်ဆောင်မောင်းနှင် စမ်းသပ်ခဲ့သည်။
ထိုသို့ စမ်းသပ်စဉ် ကားကို မောင်းခဲ့သည့်အမြန်နှုန်းမှာ တစ်နာရီ မိုင် ၇၀ ဖြစ်သည်။
ကားတစ်မျိုးစီတိုင်း မောင်းနှင်နေချိန်တွင် မန်ဂို၏ ပြုမူပုံနှင့် မောင်းနှင်ပြီးချိန်တွင် နှလုံးခုန်နှုန်းတို့ကို စမ်းသပ်စစ်ဆေးခဲ့သည်။
မန်ဂို၏ အနားယူနေချိန် နှလုံးခုန်နှုန်းမှာ ၈၀ BPM ဖြစ်သည်။
မန်ဂိုသည် Skoda ထုတ် လျှပ်စစ်ကားဖြစ်သော Elroq ကို စီးချိန်တွင် နှလုံးခုန်နှုန်း 100 BPM သို့ ရောက်ရှိခဲ့ပြီး 20 BPM သာ နှလုံးခုန်နှုန်း တက်ခဲ့သည်။
သို့သော် ဓာတ်ဆီနှင့် ဒီဇယ်ကားများ စီးချိန်တွင် နှလုံးခုန်နှုန်း 120 BPM , 125 BPM အသီးသီးရှိရာ စိတ်ဖိစီးမှု ပိုမိုမြင့်မားခဲ့သည်ကို တွေ့ရသည်။
EV စီးချိန်တွင် မန်ဂိုမှာ သက်သောင့်သက်သာ အခြေအနေပိုရှိပြီး အိပ်ပျော်လုနီးပါး ရှိသည်ကို တွေ့ရသည်။
သို့သော် ICE ကားများတွင်မူ မန်ဂိုမှာ စိတ်တင်းကြပ်နေဟန်ရှိပြီး ကိုယ်နေဟန်ထား တောင့်တင်းခက်ထန်ကာ ပတ်ဝန်းကျင်ကို စိတ်ဖိစီးစွာ လိုက်လံကြည့်ရှုနေသည်ကိုလည်း တွေ့ရသည်။
“ခွေးလေးတွေဟာ EV နဲ့ သွားလာရချိန်မှာ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေး ပိုကောင်းတယ်ဆိုတာ အခုစမ်းသပ်ချက်က အထင်အရှားပြသနေပါတယ်” ဟု ဒေါက်တာ စကော့ မေလာက ပြောသည်။
“လမ်းကြောတစ်ခုတည်းမှာ မြန်နှုန်း အတူတူသတ်မှတ်ပြီး Powertrain အမျိုးမျိုးနဲ့ မန်ဂိုရဲ့ တုံ့ပြန်ပုံကို စမ်းသပ်ကြည့်တဲ့အခါ လျှပ်စစ်ကားတွေဟာ ပိုမိုညက်ညောဆိတ်ငြိမ်တဲ့ အတွေ့အကြုံ ပေးစွမ်းတာ တွေ့ရပါတယ်”
“စက်ယန္တရား အစိတ်အပိုင်းတွေ လည်ပတ်နေတာ မရှိတဲ့အတွက် တုန်ခါမှုနဲ့ ဆူညံသံတွေ လျော့ကျသွားပါတယ်။ ပြီးတော့ EV ရဲ့ အတွင်းခန်း ကျယ်ကျယ်ဝန်းဝန်းရှိတာကလည်း ခွေးလေးတွေအတွက် စိတ်ချမ်းမြေ့စရာ ဖြစ်စေပြီး သက်သောင့်သက်သာ ခရီးသွားနိုင်စေမှာ ဖြစ်ပါတယ်”
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: ELECTRIC PUP Dogs prefer EVs to fuel-powered cars with heart rates revealing exactly how your pet feels on drive, study shows
Photo Credit-PinPep