တူရကီသမ္မတ အာဒိုဂန်က Elon Musk အား တူရကီတွင် Tesla စက်ရုံတည်ထောင်ရန် တောင်းဆို

  • 104 views


တူရကီသမ္မတ တာယစ် အာဒိုဂန်သည် Tesla ၏ အမှုဆောင်အရာရှိချုပ် Elon Musk အား တူရကီတွင် Tesla စက်ရုံ လာရောက်တည်ထောင်ရန် တောင်းဆိုလိုက်ကြောင်း တူရကီ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်ဟု ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Elon Musk ကပြောသည်မှာ တူရကီမှ supplier များစွာသည် Tesla နှင့် လက်တွဲအလုပ်လုပ်လျက် ရှိနေခဲ့ပြီး ဖြစ်ကြောင်း ၊ Tesla မှ စက်ရုံသစ် ဆက်လက်ဆောက်လုပ်မည့် နေရာများအနက် တူရကီမှာ အရေးအပါဆုံး နေရာများတွင် ပါဝင်ကြောင်း ပြောသည်။

 

 

သမ္မတ အာဒိုဂန်နှင့် Elon Musk တို့သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံအနီးတွင် တည်ရှိ သော မိုးမျှော်တိုက်ကြီးတစ်ခု ဖြစ်သည့် Turkish House တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း တူရကီ၏ နိုင်ငံပိုင်သတင်းဌာန Anadolu news agency က ဖော်ပြသည်။

အာဒိုဂန်သည် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်သို့ ရောက်ရှိစဉ်အတွင်း Elon Musk နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

 

 

အာဒိုဂန်က Elon Musk နှင့် တွေ့ဆုံစဉ် ပြောခဲ့သည်မှာ တူရကီအနေဖြင့် AI နည်းပညာကဏ္ဍ ၊ Elon Musk ၏ SpaceX မှ ဂြိုလ်တုအင်တာနက် ကုမ္ပဏီဖြစ်သော Starlink တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် တံခါးဖွင့်ထားကြောင်း ပြောခဲ့သည်။

Elon Musk က ပြောသည်မှာ SpaceX အနေဖြင့် တူရကီတွင် Starlink ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုပေးရန် လိုအပ်သော လိုင်စင်ရရှိရေးအတွက် တူရကီအာဏာပိုင်တို့နှင့် လက်တွဲရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။

အာဒိုဂန်က Elon Musk အား တူရကီတွင် ကျင်းပမည့် လေကြောင်းနှင့် နည်းပညာပွဲတော် Teknofest သို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ရာ Elon Musk ကလည်း ဝမ်းမြောက်စွာ တက်ရောက်ပါမည် ဖြစ်ကြောင်း ပြောခဲ့သည်။

 

 

Elon Musk သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့်လည်း ကယ်လီဖိုးနီးယားပြည်နယ်တွင် တွေ့ဆုံခဲ့ပြီး AI နည်းပညာကဏ္ဍအတွက် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

Tesla သည် အိန္ဒိယနိုင်ငံတွင်လည်း တန်ဖိုးနည်း လျှပ်စစ်ကားစက်ရုံတစ်ခု တည်ထောင်ရန် စိတ်ဝင်စားကြောင်း ယခုနှစ် သြဂုတ်လအတွင်း ပြောကြားခဲ့ဖူးသည်။

လက်ရှိအားဖြင့် Tesla သည် စက်ရုံ ၆ ခုရှိပြီး ၇ ခုမြောက်စက်ရုံကိုလည်း မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Nuevo Leon ပြည်နယ်တွင် ဆောက်လုပ်လျက်ရှိသည်။

 

 

ယခုနှစ်ကုန်ပိုင်းတွင် Tesla အနေဖြင့် စက်ရုံသစ်အတွက် နေရာတစ်ခု ရွေးချယ်သွားဖွယ်ရှိကြောင်း Elon Musk က မေလအတွင်း ပြောခဲ့ဖူးသည်။

Tesla ၏ ရှယ်ယာများမှာ ယခုနှစ်အတွင်း ၁၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

မကြာသေးမီက Tesla သည် အစင်းရေ ၅ သန်းမြောက် မော်တော်ကားကို ထုတ်လုပ်ခဲ့သည်။

Elon Musk သည် ယခင်က တွစ်တာဟုခေါ်ဝေါ်ခဲ့သော X လူမှုကွန်ရက်ကို ၂၀၂၂ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Turkish President Erdogan Courts Elon Musk To Build a Tesla Gigafactory in Turkey Erdogan asks Musk to build Tesla factory in Turkey  (reuters)