- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားတွင် Tesla အားသွင်းစက်များ၌ EV မဟုတ်သောကားများ ပါကင်ထိုးရပ်နားနေကြခြင်းကို လူမှုကွန်ရက်သုံးစွဲသူတို့က “အညံ့စားစိတ်ဓာတ်” ဖြစ်ကြောင်း ဝေဖန်လျက်ရှိ
မလေးရှားတွင် Tesla အားသွင်းစက်များ၌ EV မဟုတ်သောကားများ ပါကင်ထိုးရပ်နားနေကြခြင်းကို လူမှုကွန်ရက်သုံးစွဲသူတို့က “အညံ့စားစိတ်ဓာတ်” ဖြစ်ကြောင်း ဝေဖန်လျက်ရှိ
- 191 views
မလေးရှားနိုင်ငံ၊ Klang Valley ရှိ ဈေးဝယ်စင်တာများသို့ ရောက်ခဲ့မည်ဆိုပါက ကားပါကင်နေရာများတွင် Tesla Supercharger station တို့ကို သတိပြုမိမည် ဖြစ်သည်။
Supercharger တို့မှာ Tesla ကားများအတွက် ထုတ်လုပ်ပေးထားသော အမြန်အားသွင်းစနစ်သုံး အားသွင်းစက်များ ဖြစ်သည်။အချို့သော မလေးရှားနိုင်ငံသားတို့မှာ အဆိုပါအားသွင်းစက်များအကြောင်း သိနားလည်ပုံ မပေါ်ချေ။Kuantan ဟူသောမြို့ရှိ Tesla အားသွင်းစက်များရှေ့တွင် EV မဟုတ်သောကားများ ရပ်နားထားသည်ကို တွေ့လာရခြင်း ဖြစ်သည်။
TikTok တွင် a.abxd ဟူသော အကောင့်က တင်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုမှာ ပျံ့နှံ့ဂယက်ရိုက်ခဲ့သည်။ အားသွင်းစက်ရှေ့တွင် Tesla မဟုတ်သော အခြားကားများ တန်းစီရပ်နားထားသည်ကို တွေ့ရရာ Tesla ပိုင်ရှင်တစ်ဦးဦး အားသွင်းရန် အခက်ကြုံမည့် စိတ်ပျက်ဖွယ်ရာ အခြေအနေပင် ဖြစ်သည်။ အဆိုပါ အားသွင်းစက်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လက စတင်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံ၊ East Coast ဒေသတွင် ပထမဆုံး အားသွင်းစက်လည်း ဖြစ်သည်။
“Kuantan မြို့မှာ Tesla စီးတဲ့သူတွေ အများကြီးပါလား” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက အရွဲ့တိုက် မှတ်ချက်ပေးသည်။မလေးရှား လူမှုကွန်ရက်သုံးစွဲသူတို့သည် အားသွင်းစက်ရှေ့တွင် EV မဟုတ်ဘဲ ရပ်ထားကြသည့် တစ်ကိုယ်ကောင်းဆန်သော ကားပိုင်ရှင်များကို ပြစ်တင်ဝေဖန်ကြသည်။ အဆိုပါကားပိုင်ရှင်တို့၏ လုပ်ရပ်မှာ စရိုက်ဆန်ကြောင်း မှတ်ချက်ပြုသူ များစွာရှိသည်။
“အဲဒီတော့ ကားကို အားသွင်းမယ့်သူတွေက ဘယ်လိုသွင်းရမှာလဲ။ Tesla ဆိုင်းဘုတ်ကြီးကို မမြင်ချင်ယောင် ဆောင်နေတာလား။” ဟု Ceo Zul အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူက မှတ်ချက်ပြုသည်။
လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးစ၊ နှစ်ဦးစကမူ Tesla အားသွင်းစက်ရှေ့တွင် EV မဟုတ်သော မိမိတို့ကားများ ရပ်ထားခဲ့ဖူးကြောင်း ဝန်ခံကြပြီး ကားရပ်ရန် အဆင်ပြေသောကြောင့် ရပ်ခဲ့ခြင်းဖြစ်သည်ဟု ဆင်ခြေပေးကြသည်။
“အဲဒီမှာ ကားရပ်တဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ Family Mart ကို လာတာမှာ တခြားအဝေးကြီးကို ကားသွားရပ်ရမှာ ပျင်းလို့ပါ” ဟု ByAini အမည်ဖြင့် TikTok သုံးစွဲသူက မှတ်ချက်ပေး ဝန်ခံသည်။လူမှုကွန်ရက်သုံးစွဲသူအချို့ကမူ ယခုကဲ့သို့ ဖြစ်ပျက်နေခြင်းများအပေါ် တားဆီးကာကွယ်ရန် အာဏာပိုင်တို့ မည်သို့လုပ်ဆောင်မည်ကို မေးခွန်းထုတ်ကြသည်။
“ဗြိတိန်မှာတော့ Tesla အားသွင်းစက်မှာ EV မဟုတ်တဲ့ကားတွေ ရပ်ထားရင် အရေးယူခံရပါတယ်။ မလေးရှားမှာတော့ ဒီလိုဥပဒေမျိုး မရှိသေးဘူး” ဟု AstraVirtualOtaku အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူက မှတ်ချက်ပေးသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: “Third-class mentality” - Selfish non-EV cars seen parked at Tesla charging stations in Kuantan (thesun)