• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မလေးရှားတွင် Tesla တစ်စင်း၏ လေကာမှန်ကို အမျိုးသမီးတစ်ဦးက ခဲဖြင့်ထုပြီး အေးအေးလူလူ ထွက်သွားသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိ

မလေးရှားတွင် Tesla တစ်စင်း၏ လေကာမှန်ကို အမျိုးသမီးတစ်ဦးက ခဲဖြင့်ထုပြီး အေးအေးလူလူ ထွက်သွားသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိ

  • 429 views

မလေးရှားနိုင်ငံတွင် ကားပါကင်ထိုး ရပ်နားထားသော Tesla တစ်စင်း၏ လေကာမှန်ကို အမျိုးသမီးတစ်ဦးက ခဲဖြင့်ထုပြီး အေးအေးလူလူ ထွက်ခွာသွားပုံကို ကား၏ လုံခြုံရေးကင်မရာက ရိုက်ကူးထားသည့် မှတ်တမ်းဗွီဒီယို လူမှုကွန်ရက်တွင် ပျံ့နှံ့နေရာ မလေးရှားလူမှုကွန်ရက် သုံးစွဲသူတို့အကြား များစွာအံ့အားသင့်လျက် ရှိကြသည်။

အဆိုပါဖြစ်ရပ်မှာ ရာမဒန် ဥပုသ်ကာလ၏ ပထမရက်ဖြစ်သော မတ်လ ၂ ရက် ၊ တနင်္ဂနွေနေ့ နေ့လယ် ၃ နာရီ ၁၄ မိနစ် အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ထိုဖြစ်ရပ်ကို Tesla ၏ Sentry Mode က ဗွီဒီယိုမှတ်တမ်း တင်ထားခြင်း ဖြစ်သည်။Sentry Mode မှာ ကားဘေးဝန်းကျင်မှ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို မှတ်တမ်းတင်ပေးသော security feature ဖြစ်သည်။

ကားပိုင်ရှင်က ယင်းဗွီဒီယိုဖိုင်ကို Dash Cam Malaysia အမည်ရှိ Facebook Group တွင် တင်ခဲ့ခြင်း ဖြစ်သည်။ဗွီဒီယိုထဲတွင် အစိမ်းရောင် ဝတ်ဆင်ထားသော အမျိုးသမီးသည် နှာခေါင်းစည်း mask တပ်ထားသည်ကို တွေ့ရသည်။

သူ၏ လက်တစ်ဖက်တွင် ဖိုင်တွဲတစ်ထပ် ကိုင်ဆောင်ထားပြီး အခြားတစ်ဖက်တွင်မူ ကျောက်ခဲကြီးတစ်လုံး ကိုင်ထားသည်။ကားအနီးသို့ရောက်ချိန်တွင် ကားလေကာမှန်ကို ခဲဖြင့် ထုလိုက်ရာ ကားမှန်မှာ ချက်ချင်းကွဲသွားခဲ့သည်။

(▲ dashcam မှ မှတ်တမ်းတင်ထားသော ဗွီဒီယိုဖိုင်တွင် အဆိုပါအမျိုးသမီးက ခဲဖြင့်ထုခဲ့ပုံကို တွေ့ရသည်)

ထို့နောက် ဘာမှမဖြစ်ခဲ့လေဟန် အေးအေးလူလူ လမ်းဆက်လျှောက်သွားခဲ့သည်။ကားပိုင်ရှင် ပြန်ရောက်လာချိန်တွင် ကားမှန်ကွဲနေသည်ကို တွေ့လိုက်ရပြီးနောက် dashcam ၏ ဗွီဒီယိုမှတ်တမ်းကို ၎င်းက လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။ထိုအမျိုးသမီး၏ လုပ်ဆောင်မှုကို မယုံနိုင်အောင် အံ့သြမိကြောင်း ကားပိုင်ရှင်က ပြောသည်။

“puasa (ဥပုသ်ကာလ) ရဲ့ ပထမရက်မှာ အကုသိုလ်တွေ လုပ်သွားတာပဲ။ Haiya (စိတ်ပျက်စရာ)” ဟု ကားပိုင်ရှင်က သူ၏ဗွီဒီယိုတွင် caption ရေးသားထားသည်။

ယခုဖြစ်ရပ်ကို ရဲတပ်ဖွဲ့သို့ တိုင်တန်းအမှုဖွင့်ခဲ့ခြင်း ရှိ၊ မရှိနှင့် အဆိုပါအမျိုးသမီးကို အရေးယူမှု ရှိ၊ မရှိကိုမူ မသိရချေ။လူမှုကွန်ရက်သုံးစွဲသူ အချို့ကမူ အမျိုးသမီးက ခဲဖြင့် ထုချင်အောင် ကားပိုင်ရှင်က မည်သို့လုပ်ဆောင်ခဲ့သည်ကို မေးခွန်းထုတ်ကြသည်။

Sahriman Tpeng အမည်ရှိ လူမှုကွန်ရက်သုံးစွဲသူက “ဒီအမျိုးသမီး စိတ်မထိန်းနိုင်လောက်အောင် ဘာတွေဖြစ်ခဲ့သလဲ။ အကြောင်းမရှိဘဲနဲ့တော့ ခဲနဲ့ထုမှာ မဟုတ်ဘူး။ တစ်ခုခုဖြစ်ခဲ့တာကြောင့် ဖြစ်မယ်” ဟု မှတ်ချက်ပြုသည်။

“ကားပိုင်ရှင်နဲ့ အမျိုးသမီးကြား ဘာတွေပဲဖြစ်ခဲ့ပါစေ တခြားသူရဲ့ကားကို ဖျက်လိုဖျက်ဆီးလုပ်တာက ကောင်းတဲ့လုပ်ရပ်မဟုတ်ပါဘူး”

Smiley Tiger အမည်ရှိ လူမှုကွန်ရက်သုံးစွဲသူက မှတ်ချက်ပြုသည်မှာ “ဒီလုပ်ရပ်ရဲ့နောက်ကွယ်မှာ အကြောင်းတစ်ခုခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖျက်လိုဖျက်ဆီးလုပ်ရပ်က အမှားတစ်ခုပါပဲ။ လူတွေက ကိုယ်တိုင်ကြုံမှ ခံစားတတ်ကြတယ်” ဟု ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Woman Suddenly Throws Rock At Tesla’s Windscreen, Caught On Camera