• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မလေးရှားတွင် ကား၊ ဆိုင်ကယ် ပြိုင်မောင်းသော လူငယ် ၁၀၀ ကျော်ကို ရဲအရာရှိတို့က နားရွက်ဆွဲ ထိုင်ထ ၁၀ ကြိမ်လုပ်စေကာ အပြစ်ပေး

မလေးရှားတွင် ကား၊ ဆိုင်ကယ် ပြိုင်မောင်းသော လူငယ် ၁၀၀ ကျော်ကို ရဲအရာရှိတို့က နားရွက်ဆွဲ ထိုင်ထ ၁၀ ကြိမ်လုပ်စေကာ အပြစ်ပေး

  • 242 views


မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း ဆာရာဝက်ပြည်နယ်၊ ကူချင်မြို့ရှိ လေဆိပ်လမ်းတွင် တရားမဝင် ကား၊ ဆိုင်ကယ် ပြိုင်မောင်းခဲ့ကြသော ရာနှင့်ချီသည့် လူငယ်များကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ရာ နားရွက်ဆွဲ ထိုင်ထ လုပ်စေပြီး အပြစ်ပေးခဲ့သည့် ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် နာမည်ကြီးနေသည်။

ပြီးခဲ့သော မတ်လ ၂ ရက်၊ တနင်္ဂနွေနေ့က အဆိုပါအုပ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Kuching Talk အမည်ရှိ Facebook စာမျက်နှာက ထိုနေ့တွင်ပင် တင်ခဲ့သော ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက် သုံးစွဲသူတို့အကြား ပျံ့နှံ့ကျော်ကြားသွားခဲ့သည်။

ဗွီဒီယိုထဲတွင် တွေ့မြင်ရမှုအရ လူငယ်များစွာမှာ နားရွက်ဆွဲကာ ထိုင်ထ ၁၀ ကြိမ်လုပ်နေပြီး အနီးတွင် ရဲအရာရှိများက စောင့်ကြည့်နေသည်ကို တွေ့ရသည်။


(▲ ဓာတ်ပုံ-Kuching Talk/ Facebook)

ကား၊ ဆိုင်ကယ် တရားမဝင် ပြိုင်မောင်းသူတို့ကို ရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးစဉ် ရိုက်ကူးထားခဲ့သော ဗွီဒီယိုဖြစ်ပြီး ကြည့်ရှုမှု အကြိမ်ရေ ၁ သန်းကျော် ရှိနေပြီ ဖြစ်သည်။

Kuching ခရိုင်ရဲမှူး မိုဟာမက် ဖာရ်ဟန် လီ အဗ္ဗဒူလာက ပြောသည်မှာ ည ၁၀း၃၀ အချိန်တွင် စတင်စီးနင်းခဲ့ပြီး ကား ၁၀ စင်းနှင့် မော်တော်ဆိုင်ကယ် ၁၆၈ စင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“မော်တော်ဆိုင်ကယ် ၁၆၈ စင်းမှာ ၂၆ စင်းကို သိမ်းဆည်းခဲ့ပါတယ်။ အဲဒီဆိုင်ကယ်တွေဟာ ၁၉၈၇ ခုနှစ် လမ်းပို့ဆောင်ရေးအက်ဥပဒေ ပုဒ်မ ၆၀ နဲ့ ငြိစွန်းနေတာကြောင့် ဖြစ်ပါတယ်။ မူရင်းတည်ဆောက်ပုံကို တရားမဝင် modify ပြုလုပ်မှုတွေ လုပ်ဆောင်ထားတာ တွေ့ရပါတယ်” ဟု ရဲမှူးက ပြောသည်။

ထို့အပြင် လမ်းစည်းကမ်းချိုးဖောက်သူ ၁၈၂ ဦးအား စည်းကမ်းချိုးဖောက်မှု အမျိုးမျိုးအတွက် ဆင့်ခေါ်စာ ၃၉၆ စောင် ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

“ဒီ စီမံချက်ရဲ့ ရည်ရွယ်ချက်က လမ်းအသုံးပြုသူတွေအနေနဲ့ ဥပဒေတွေ၊ လမ်းစည်းကမ်းတွေ လိုက်နာစေဖို့၊ လမ်းပေါ် ဂိုဏ်းဖွဲ့လှုပ်ရှားမှုတွေ တိုက်ဖျက်ဖို့ ရည်ရွယ်ပါတယ်”

ရဲမှူး ဖာရ်ဟန်က ပြောသည်မှာ ယခုကဲ့သို့ စီမံချက်မျိုး ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး အများပြည်သူတို့အနေဖြင့် ကားဖြင့်သွားလာရာတွင် လမ်းပေါ်ဂိုဏ်းဖွဲ့လှုပ်ရှားမှုများကို သတိထားကြရန် သတိပေးသည်။

ကားနှင့် မော်တော်ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် ယာဉ်၏ မူလဖွဲ့စည်းပုံကို modify မပြုလုပ်ကြရန်နှင့် လမ်ဘေးတွင် စုဝေးရပ်တန့်ခြင်း မပြုလုပ်ရန်၊ ထိုသို့ ရပ်တန့်ခြင်းမှာ ယာဉ်ကြောပိတ်ဆို့စေနိုင်ကြောင်းလည်း ရဲမှူးက တိုက်တွန်းသည်။


(▲ ဓာတ်ပုံ-Utusan Borneo)

ရဲတပ်ဖွဲ့က ယခုကဲ့သို့ အပြစ်ပေးမှုမှာ သက်ညှာလွန်းကြောင်း၊ ထိထိရောက်ရောက် မရှိကြောင်း လူမှုကွန်ရက်အသုံးပြုသူများက ဝေဖန်ကြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Cops make mat rempits in Kuching do 10 squats as punishment, netizens baffled (thesun)

Photo Credit- Kuching Talk/ Facebook, Utusan Borneo