• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်တွင် ကားမော်ဒယ်တစ်မျိုးမှာ ရောင်းရအလွန်ခက်ပြီး မည်သူမှ ဝယ်လိုဟန်မရှိကြောင်း အရောင်းပြခန်းမှ အရောင်းသမားတစ်ဦးက ပြော၊ မည်သည့်ကားမော်ဒယ်လဲ၊ ဘာကြောင့်လဲ

အမေရိကန်တွင် ကားမော်ဒယ်တစ်မျိုးမှာ ရောင်းရအလွန်ခက်ပြီး မည်သူမှ ဝယ်လိုဟန်မရှိကြောင်း အရောင်းပြခန်းမှ အရောင်းသမားတစ်ဦးက ပြော၊ မည်သည့်ကားမော်ဒယ်လဲ၊ ဘာကြောင့်လဲ

  • 646 views

အမေရိကန်ပြည်ထုတ်ကားများအနက် Lincoln ကားများမှာ မှတ်မိအလွယ်ဆုံးနှင့် အထင်ကရအဖြစ်ဆုံး ကားများထဲတွင် ပါဝင်သည်။

ထုတ်လုပ်ထားသော အရည်အသွေးနှင့် လက်ရာမြောက်မှုတို့မှာလည်း ကျော်ကြားသည်။
Ford Motor ကုမ္ပဏီ၏ Luxury ကားထုတ်လုပ်ရေးဌာနခွဲအဖြစ် တည်ရှိပြီး အမေရိကန်၏ အကောင်းဆုံး high-end ကားများတွင် တစ်ခုအပါအဝင်အဖြစ် လူသိများသည်။

သို့သော် Lincoln ကားများမှာ ရောင်းထွက်ရန် အလွန်ခက်ကြောင်း ကားအရောင်းပြခန်းတစ်ခုက ပြောဆိုထားသည့် ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ကျော်ကြားနေသည်။

အဘယ်ကြောင့် ရောင်းမထွက်နိုင်သနည်းဟူသည့် အကြောင်းရင်းမှာ ပိုမိုအံ့အားသင့်ဖွယ်ရာရှိသည်။

((Lincoln ကား ဘာလဲ))

Lincoln ကားကုမ္ပဏီကို ၁၉၁၇ ခုနှစ်တွင် ဟင်နရီနှင့် ဝီလ်ဖရက်ဒ် လီလန်းတို့ သားအဖနှစ်ဦးက စတင်တည်ထောင်ခဲ့သည်။

၁၉၂၂ ခုနှစ်တွင် Ford Motor ကုမ္ပဏီထံ ကန်ဒေါ်လာ ၈ သန်းဖြင့် ရောင်းချလိုက်သည်။

ယနေ့ခေတ် ငွေတန်ဖိုးအားဖြင့်ဆိုလျှင် ကန်ဒေါ်လာ ၁၅၀,၀၀၀,၀၀၀ ဝန်းကျင်ခန့် ဖြစ်သည်။

၁၉၃၉ ခုနှစ်တွင် Lincoln ၏ flagship မော်ဒယ်တစ်ခုဖြစ်သော Continental ကို စတင်ထုတ်လုပ်ခဲ့သည်။

 

(▲ ဓာတ်ပုံ-Jeremy/ Wikimedia Commons)

ပထမဆုံး ထုတ်လုပ်ခဲ့သော Continental တစ်စင်းကို ဟောလိဝုဒ် ရုပ်ရှင်မင်းသား Mickey Rooney က ဝယ်ယူခဲ့သည်။

((မရောင်းရသော ကားမော်ဒယ်))

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်တွင် မည်သည့် ကားမော်ဒယ် ရောင်းရအခက်ဆုံးဖြစ်သနည်းဟူသော မေးခွန်းနှင့် အဖြေတို့ကို ဖော်ပြထားသည်။

Nissan အရောင်းပြခန်းတစ်ခုက @‌puyallupnissan ဟူသောအကောင့်ဖြင့် TikTok လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တစ်ခုတင်ခဲ့ရာ ဗွီဒီယိုထဲတွင် ၎င်းတို့၏ ကားပြခန်းရှိ Lincoln Nautilus တစ်စင်းကို တွေ့ရသည်။ Nautilus သည် mid-range crossover ဖြစ်သည်။ အလွန်ကြည့်ကောင်းသော ကားတစ်စင်းလည်း ဖြစ်၏။

“ကျွန်တော်တို့အတွက် ရောင်းထွက်ဖို့ အခက်ဆုံး ကားတစ်စင်းကို ပြပါရစေ။ ကားက ဘာပြစ်ချက်မှ မရှိပါဘူး။ ဘယ်တော့မှ မရောင်းရတာ တစ်ခုပါပဲ” ဟု အရောင်းသမားက ပြောသည်။ယင်းနောက် Nautilus ကားအတွင်း လိုက်လံပြသရာ odometer တွင် မိုင် ၁၆၀၀ သာ ပြသည်ကိုတွေ့ရသည်။ရုပ်ထွက် ချစ်စဖွယ်ကောင်းသည့်အပြင် အတွင်းပိုင်းလည်း သားနားသည်။

အရောင်းသမားက ရှင်းပြသည်မှာ ကားတစ်စင်းသည် ၄၅ ရက်အတွင်း ရောင်းမထွက်ပါက လက်ကားဈေးသို့ ဈေးလျှော့ပေးရကြောင်း၊ ထိုအခါတွင် မူရင်းဈေးနှုန်းအောက် ၃၀ ရာခိုင်နှုန်းခန့်အထိ ဈေးကျသွားကြောင်း ပြောသည်။ယင်းနောက် ၎င်းက Nautilus ၏ original ဈေးနှုန်းတံဆိပ်ကို ပြသရာ ဒေါ်လာ ၆၆၀၀၀ ဖြစ်ကြောင်း တွေ့ရသည်။ထို့ကြောင့် လက်ကားဈေးဖြင့်ဆိုပါက အရောင်းပြခန်းအနေဖြင့် ဒေါ်လာ ၂၀၀၀၀ ခန့် အရှုံးပေါ်တော့မည် ဖြစ်သည်။

((Lincoln တွေ ဘာကြောင့် မရောင်းရတာလဲ))

Lincoln ကားများ မရောင်းရသည့် အကြောင်းမှာ သင်ထင်ထားသလို မဟုတ်နိုင်။အဆိုပါကားများသည် လူအများ လေးစားခံရကာ လက်ရာမြောက်ခြင်း၊ လှပခြင်းတို့ဖြင့် ထင်ရှားသော ကားများလည်း ဖြစ်သည်။ သို့သော် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်အောက်မှ မှတ်ချက်အချို့ကို လေ့လာကြည့်ပါ။

“Lincoln ကားတွေကို တရားဝင် ဝယ်စီးခွင့်ရှိဖို့အတွက် ခင်ဗျားဟာ အသက် ၇၅ နှစ်အထက်ရှိမှ ရမယ်” ဟု တစ်ဦးက အရွှန်းဖောက် မှတ်ချက်ပြုသည်။

“ဘာကြောင့်လဲဆိုတော့ Lincoln က သက်ကြီးရွယ်အိုတွေ အတွက်ဖြစ်တာကြောင့်ပါ။ အနည်းဆုံးတော့ ကျွန်တော်တို့ မျိုးဆက်ကတော့ ဒီလိုပဲမြင်တယ်။ ဟားဟား” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။

ဟာသများကို ဘေးဖယ်လိုက်လျှင် အဆိုပါမှတ်ချက်များမှာ မမှားချေ။ အချက်အလက်များအရ ၎င်းတို့၏ မှတ်ချက်များ မှန်ကန်ကြောင်း ပြသနေသည်။Lincoln ကားဝယ်လက် အများစုမှာ အသက် ၆၀ ဝန်းကျင် ရှိသူများဖြစ်ကြောင်း အချက်အလက်များက ပြသနေသည်။

Lincoln အနေဖြင့် လူငယ်မျိုးဆက်ကို ဆွဲဆောင်နိုင်ရန် ကြိုးစားမည်ဆိုပါကမူ ရောင်းအား ပြန်တက်လာဖွယ်ရာ ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Car dealership salesman says one car is the hardest to sell as no one seems to buy them

Photo Credit- Jeremy/ Wikimedia Commons