- ပင်မစာမျက်နှာ
- ကားသတင်းများ
- အသက် ၉၉ နှစ်အရွယ်ရှိပြီဖြစ်သော မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ မိုဟာမက် ကျွမ်းကျင်စွာ ကားမောင်းနေသည့် ဗွီဒီယိုဖိုင် TikTok လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြား
အသက် ၉၉ နှစ်အရွယ်ရှိပြီဖြစ်သော မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ မိုဟာမက် ကျွမ်းကျင်စွာ ကားမောင်းနေသည့် ဗွီဒီယိုဖိုင် TikTok လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြား
- 305 views
ဒေါက်တာ မဟာသီ မိုဟာမက်သည် ၁၉၇၉ ခုနှစ်က မလေးရှား၏ အမျိုးသားကားထုတ်လုပ်ရေး ကုမ္ပဏီကြီး တည်ထောင်ရန် စိတ်ကူးကြံစည်ခဲ့သူ ဖြစ်သည်။
ယခုအခါ အသက် ၉၉ နှစ်ရှိနေပြီဖြစ်သူ မဟာသီသည် ကားတစ်စီးဖြင့် လျှောက်ပတ်နေဆဲ ဖြစ်၏။
မဟာသီ စီးသည့်ကားမှာ မလေးရှားထုတ် Proton ၏ နောက်ဆုံးထွက် ဆီဒင်ဖြစ်သော S70 ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း မဟာသီ အေးချမ်းစွာ ကားမောင်းနေပုံ တစ်မိနစ်စာ ဗွီဒီယိုဖိုင်ကို သူ၏ မြေးဖြစ်သူ အာဒမ် မုခရစ် (Adam Mukhriz) က @amofficialmy အမည်ရှိအကောင့်ဖြင့် TikTok လူမှုကွန်ရက်တွင် တင်ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ မဟာသီမှာ သက်သောင့်သက်သာ ကိုယ်နေဟန်ထားဖြင့် ကိုယ်စိတ်နှလုံးအေးချမ်းစွာ ရှိနေဟန်ရပြီး တစ်နေရာတွင် စတီယာရင်ကို လက်တစ်ဘက်တည်းဖြင့်ပင် ထိန်းကာ မောင်းနေပုံကိုလည်း တွေ့ရသည်။ထိုသို့ မဟာသီ ကားမောင်းစဉ်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တို့လည်း လိုက်ပါစောင့်ရှောက်ပေးနေသည်။
အသက် ၉၉ နှစ်အရွယ် အဘိုးဖြစ်သူ၏ ကားမောင်းကျွမ်းကျင်မှုကို ဂုဏ်ယူသော မြေးမြစ်သူ မုခရစ်က “အသက် ၉၉ နှစ်အရွယ်မှာ စတိုင်ကျကျ ကားမောင်းနေတဲ့ပုံ” ဟု caption ရေးသားထားသည်။
အဆိုပါ TikTok ဗွီဒီယိုမှာ ကြည့်ရှုမှုအကြိမ်ရေ ၄၆၀၀၀၀ ကျော်ရှိနေပြီး ယခုအချိန်ထိ ကားမောင်းနိုင်မှုကို လေးစားကြောင်း မလေးရှားနိုင်ငံသားတို့၏ မှတ်ချက်ပြုမှု ၁၀၀၀ ကျော် ရှိသည်။
“အသက် ၉၉ နှစ်အထိ ကားမောင်းနိုင်သေးတာ တကယ့်ကို အံ့မခန်းပါပဲ။ ကျွန်တော်ဆို အသက် ၇၅ နှစ်အရွယ်ပါ။ ကျွန်တော် ကားမမောင်းနိုင်တော့ပါဘူး” ဟု @cashmoni ဟူသော အကောင့်က မှတ်ချက်ပြုသည်။
“ကြီးမြတ်တဲ့ အလ္လာဟ်အရှင်မြတ်။ မဟာသီ….လူကြီးမင်းဟာ ရှားပါးပုဂ္ဂိုလ်ပါ။ ဘုရားပေးတဲ့ ဆုလာဘ်ပါ။ အသက် ၉၉ နှစ်အရွယ်မှာ ကားမောင်းနိုင်တယ်တဲ့…အိုးဂေါ့ရှ်…အံ့မခန်းပဲ” ဟု @nasir ဟူသော အကောင့်က မှတ်ချက်ပေးသည်။
“အသက် ၉၉ အထိ ဒီအသက်ဒီအရွယ်မှာ မှတ်ဉာဏ်ကောင်းနေသေးပြီး ခွန်အားရှိသေးတာကို မြင်ရတာ ဝမ်းသာပါတယ်။ အမြဲ ကျန်းမာနေမယ်လို့ မျှော်လင့်ပါတယ်” ဟု @syazanah32 ဟူသော အကောင့်က မှတ်ချက်ပြုသည်။
အချို့လူမှုကွန်ရက် သုံးစွဲသူတို့က ပြောသည်မှာ မဟာသီမောင်းသည့် S70 မှာ အရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်သည့် Variant ၄ မျိုးအနက် မည်သည့် variant နှင့်မှ မတူကြောင်း၊ ထို့ကြောင့် ယခုကားမှာ မဟာသီအတွက် သီးသန့်ထုတ်လုပ်ပေးထားခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုကြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: “Amazing Tun!” - Mahathir drives S70 with style at the age of 99, impresses Malaysians