• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကနေဒါတွင် ကားသူခိုးရန် ကာကွယ်သည့်ပစ္စည်း တပ်ဆင်သော ဇနီးမောင်နှံ ကုမ္ပဏီအာမခံ ပျက်ပြယ်ကာ ကားပြင်ခ ဒေါ်လာ ၂၀၀၀၀ ပေးခဲ့ရ

ကနေဒါတွင် ကားသူခိုးရန် ကာကွယ်သည့်ပစ္စည်း တပ်ဆင်သော ဇနီးမောင်နှံ ကုမ္ပဏီအာမခံ ပျက်ပြယ်ကာ ကားပြင်ခ ဒေါ်လာ ၂၀၀၀၀ ပေးခဲ့ရ

  • 466 views

 


ကနေဒါနိုင်ငံတွင် ဇနီးမောင်နှံစုံတွဲတစ်တွဲသည် ကားသူခိုးရန် ကာကွယ်သည့်ပစ္စည်း တပ်ဆင်ခဲ့ရာ စက်ရုံအာမခံ ပျက်ပြယ်ခဲ့ပြီး ပြင်ဆင်စရိတ် ဒေါ်လာ ၂၀၀၀၀ ပေးခဲ့ရသည်။

၎င်းတို့စုံတွဲ၏ မော်တော်ကားဖြစ်သော Toyota Highlander ကို သူခိုးတစ်ဦးက အကြိမ်ကြိမ်ခိုးယူရန် ကြိုးစားခဲ့သောကြောင့် ကားတွင် သူခိုးကာကွယ်ရေးပစ္စည်းတစ်ခု တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

 

 

 

(စက်ရုံအာမခံ ပျက်ပြယ်ခဲ့ပြီး ဒေါ်လာ ၂၀၀၀၀ ပြင်ဆင်ခပေးခဲ့ရသည်။ ဓာတ်ပုံ-Lexus)

 

 

(ကားကုမ္ပဏီက ထုတ်ပြန်သည်မှာ ထိုသို့တပ်ဆင်မှုမှာ ကား၏ အရေးကြီးသော အီလက်ထရောနစ် ပစ္စည်းများ ကို ထိခိုက်စေကြောင်း ပြောသည်။ ဓာတ်ပုံ-AP)

 

 

ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်၊ North Folk မြို့တွင် နေထိုင်ကြသော မစ်ချဲ လဗင်း (Mitchell Levine) နှင့် ဇနီးတို့သည် Lexus RX350h SUV ကားသစ်တစ်စီး ဝယ်ယူခဲ့သည်။ ထိုကားသည် ၎င်းတို့၏ နောက်ထပ်ကားတစ်စီးလည်း ဖြစ်သည်။

ယင်းနောက် အဆိုပါကားတွင်လည်း သူခိုးကာကွယ်ရေးပစ္စည်းတပ်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုပစ္စည်းမတပ်ဆင်မီနှင့် တပ်ဆင်ပြီးနောက်ပိုင်း ကားတွင် ပြဿနာအချို့ရှိခဲ့ရာ လဗင်းတို့ ဇနီးမောင်နှံမှာ ကားကုမ္ပဏီတွင် ပြန်လည်ပြသကာ အမြန်ဆုံးပြင်ဆင်နိုင်ရန် မျှော်လင့်ခဲ့သည်။

Lexus ကားများမှာ ခရီးမိုင်အကန့်အသတ် ရှိသည်။

Lexus ၏ technician များ ဆက်သွယ်အလုပ်လုပ်ကိုင်ရမှု လွယ်ကူစေရန် ကန့်သတ်ထားခြင်း ဖြစ်သည်။

ကားအား ပြသချိန်တွင် သူခိုးကာကွယ်ရေးပစ္စည်း တပ်ဆင်မှုကြောင့် စက်ရုံအာမခံ ပျက်ပြယ်သွားပြီဖြစ်ကြောင်း ၎င်းတို့အား ပြောခဲ့ကြသည်။

ထိုသို့ တပ်ဆင်မှုမှာ ကား၏ ဝိုင်ယာဆက်သွယ်မှုကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ၊ စက်ပြင်ဆရာများက ပြင်ဆင်မှု မလုပ်မီတွင် ထိုပစ္စည်းကို ဖြုတ်ပစ်ရန် လိုအပ်ကြောင်း ကုမ္ပဏီက ပြောသည်။

ကုမ္ပဏီ အာမခံ ပျက်ပြယ်သွားသောကြောင့် ပစ္စည်းနှင့် လက်ခအတွက် ဒေါ်လာ ၂၀၀၀၀ ခန့်ကျသင့်ခဲ့သည်။

Toyota Canada က ထုတ်ပြန်သည်မှာ ကားရောင်းချပေးပြီးနောက်ပိုင်း တပ်ဆင်သော ပစ္စည်းအများစုမှာ စက်ရုံအာမခံကို မထိခိုက်ကြောင်း ၊ လဗင်းတို့ ဇနီးမောင်နှံ တပ်ဆင်သော ပစ္စည်းမှာမူ တမူကွဲပြားကြောင်း ထုတ်ပြန်သည်။

“third party တစ်ဦးက ပစ္စည်းတစ်ခု တပ်ဆင်ဖို့ လုပ်ဆောင်ချိန်မှာ ကားရဲ့ ဝိုင်ယာဆက်သွယ်မှုကို ထိခိုက်စေခဲ့တာ တွေ့ရပါတယ်”ဟု ကားကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လဗင်းတို့ ဇနီးမောင်နှံ၏ Lexus ကားတွင် သူခိုးကာကွယ်ရေးပစ္စည်း တပ်ဆင်ပေးခဲ့သူ Ronen Yoseff က ၎င်းတပ်ဆင်ချိန်က မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ကြောင်း အခိုင်အမာ ပြောကြားသည်။

“ကျွန်တော်ရဲ့ ဖောက်သည်တွေက သူတို့ကားမှာ သူခိုးကာကွယ်ရေးပစ္စည်း မတပ်ရသေးဘူးလို့တောင် ထင်ခဲ့ကြတယ်”ဟု Ronen Yoseff က ပြောသည်။

Ronen Yoseff က ပြောသည်မှာ Lexus ၏ ပညာရှင်များက လဗင်းတို့ ဇနီးမောင်နှံ၏ကားကို ပြစ်ချက် ရှာချိန်တွင် ကားဝိုင်ယာစနစ် ထိခိုက်သွားခဲ့ပြီး ထိုထိခိုက်မှုကို မိမိအပေါ် လွှဲချရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

“ပျမ်းမျှအားဖြင့် ကျွန်တော်တို့ဟာ တစ်ပတ်ကို သူခိုးကာကွယ်ရေးစနစ် ကားအစင်း ၄၀ ကနေ ၅၀ ကြား တပ်ဆင်ပေးနေတာပါ။ ကျွန်တော် ဒီလိုတပ်ပေးနေတာ ၇ နှစ်ရှိပါပြီ”ဟု Ronen Yoseff က ပြောသည်။

သူခိုးကာကွယ်ရေးပစ္စည်း ဖြုတ်လိုက်ရမှုကြောင့် ၎င်းတို့ ဇနီးမောင်နှံ၏ Lexus ကားမှာ ယခုအခါ အကာအကွယ် မရှိတော့ချေ။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: SAFE & SORRY We were slapped with $20k charges after adding anti-theft measures to our car – the salesperson said it would be fine (the-sun)