• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ရုရှားတွင် ရင်းနှီးမြှုပ်နှံထားမှုအားလုံးကို ရုရှားငွေ ၁ ရူဘယ် ( ၁ ဒေါ်လာ၏ ၁၀၀ ပုံ ၁ ပုံ) မျှဖြင့် ရောင်းချကာ ရုရှားဈေးကွက်မှ ထွက်ခွာခဲ့သော ပြင်သစ်ကားကုမ္ပဏီ Renault အနေဖြင့် ရုရှားဈေးကွက်သို့ ပြန်ဝင်လိုပါက ကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ပေးရမည်ဟု ရုရှားက အမိန့်ထုတ် အပြစ်ပေး

ရုရှားတွင် ရင်းနှီးမြှုပ်နှံထားမှုအားလုံးကို ရုရှားငွေ ၁ ရူဘယ် ( ၁ ဒေါ်လာ၏ ၁၀၀ ပုံ ၁ ပုံ) မျှဖြင့် ရောင်းချကာ ရုရှားဈေးကွက်မှ ထွက်ခွာခဲ့သော ပြင်သစ်ကားကုမ္ပဏီ Renault အနေဖြင့် ရုရှားဈေးကွက်သို့ ပြန်ဝင်လိုပါက ကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ပေးရမည်ဟု ရုရှားက အမိန့်ထုတ် အပြစ်ပေး

  • 306 views

ပြင်သစ် ကားကုမ္ပဏီ Renault သည် ရုရှား-ယူကရိန်းစစ်ပွဲကြီး ပြီးဆုံးသွားချိန်၌ ရုရှားဈေးကွက်သို့ ပြန်လည်ဝင်ရောက်လိုပါက ရူဘယ် ၁၁၂ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဝန်းကျင်) ပေးဆောင်မှသာ ဝင်ခွင့်ရတော့မည် ဖြစ်ကြောင်း Renault နှင့် လက်တွဲခဲ့သည့် ရုရှားကုမ္ပဏီ AvtoVAZ က ပြောကြားသည်ဟု Business Insider သတင်းတစ်ရပ်တွင် ဖော်ပြသည်။

(မှတ်ချက်။ AvtoVAZ သည် ရုရှား ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ရုရှား၏ နိုင်ငံပိုင်ကုမ္ပဏီဖြစ်သည်။ ယခင်အမည်မှာ VAZ ဖြစ်ပြီး Volge Automotive Plant ၏ အတိုကောက် ဖြစ်သည်)

အနောက်နိုင်ငံတို့၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားဈေးကွက်မှ ထွက်ခွာခဲ့သော ကားကုမ္ပဏီတို့သည် နောင်အခါ ရုရှားဈေးကွက်သို့ ပြန်ဝင်လိုပါက ဒဏ်ကြေးငွေ ကြီးမားစွာ ပေးဆောင်ရမည့် လက္ခဏာများရှိနေကြောင်း ယခုစည်းကမ်းသတ်မှတ်ချက်က ပြသနေသည်။

Renault ၏ ကိစ္စနှင့် စပ်လျဉ်းပြီး Avtovaz ၏ စီအီးအို Maxim Sokolov က ပြောသည်မှာ ရုရှားအစိုးရက အဆိုပါလုပ်ငန်းအတွက် ရူဘယ် ၁၁၂ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ရကြောင်း ပြောသည်။“ဒီလို ရင်းနှီးမြှုပ်နှံထားရမှုတွေရဲ့ ဆုံးရှုံးရမှုတွေအပေါ် ရုရှားကို ပြန်ဝင်လာရင် အစားပြန်လျော်ပေးရမယ်ဆိုတာ ရှင်းပါတယ်” ဟု Sokolov က TASS သတင်းအေဂျင်စီသို့ ပြောသည်။

အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံထားရသော ဒေါ်နယ်ထရမ့်က ရုရှားနှင့် ပြန်လည်သင့်မြတ်လိုသည့် အရိပ်အခြေများ ပြသလာရာ Renault ကဲ့သို့ အနောက်တိုင်း ကားကုမ္ပဏီများက ရုရှားဈေးကွက်သို့ ပြန်ဝင်ရန် ဆွေးနွေးပြောဆိုမှုများ ရှိလာနေသည်။Renault သည် Avtovaz ရှိ ၎င်း၏ ရှယ်ယာ ၆၇ ဒသမ ၆ ရာခိုင်နှုန်းကို ၂၀၂၂ ခုနှစ်အတွင်း ရုရှားအစိုးရသို့ ရောင်းချကာ ထွက်ခွာသွားခဲ့သည်။ သို့သော် ၆ နှစ်အတွင်း အဆိုပါရှယ်ယာများကို ပြန်လည်ဝယ်ယူခွင့် ရှိသည်ဟူသော သဘောတူညီချက်ဖြင့် ဖြစ်သည်။

ရုရှားမှ ထွက်ခွာရာတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု ယူရို ၂ ဒသမ ၂ ဘီလီယံ အရှုံးခံကာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။Renault အတွက် ပြင်သစ်ပြီးလျှင် ရုရှားမှာ ဒုတိယအကြီးမားဆုံး ဈေးကွက် ဖြစ်သည်။ Renault ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက Business Insider သတင်းဌာနသို့ ပြောသည်မှာ ရုရှားသို့ ပြန်ဝင်ရေးကိစ္စမှာ ခန့်မှန်းသိနိုင်သလောက် ကာလတိုအတွင်း ယခင်ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပြီး ပြောင်းလဲရန် မရှိသေးကြောင်း ပြောသည်။Sokolov ၏ ပြောကြားချက်နှင့် ပတ်သက်၍မူ Renault က မှတ်ချက်မပေးချေ။

ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာရေးရာ တွဲဖက်ပါမောက္ခ David Szakonyi က Business Insider သို့ ပြောသည်မှာ  ရုရှားဈေးကွက်သို့ ပြန်ဝင်လိုလျှင် လျော်ကြေးပေးရမည်ဟု Sokolov ၏ ပြောကြားချက်မှာ ရုရှားအကြီးအကဲတို့၏ သဘောထား ဟုတ်၊ မဟုတ် အလေးအနက် သုံးသပ်သင့်ကြောင်း ပြောသည်။

နိုင်ငံခြားကုမ္ပဏီများ ရုရှားမှ ထွက်ခွာချိန်တွင် ရှယ်ယာများကို အချိုအချောင်ဈေးဖြင့် ဝယ်ယူနိုင်ခဲ့ရာ ပြည်တွင်းလုပ်ငန်းရှင်များအတွက် ကြီးစွာပွပေါက်တိုးခဲ့ကြသည်။“နိုင်ငံခြားကုမ္ပဏီတွေ လွတ်လွတ်လပ်လပ် ပြန်ဝင်ခွင့်ပေးမယ်ဆိုရင် သူတို့ရဲ့ ရပေါက်ရလမ်းတွေ ပိတ်ကုန်မယ်၊ အပြိုင်အဆိုင်များလာမယ်။ ဒါကြောင့် ဈေးကွက်ကို ပြန်ဖွင့်ပေးမယ်ဆိုရင်တောင် လျော်ကြေးတစ်ခုခု ရုရှားက လိုချင်လိမ့်မှာ ဖြစ်ပါတယ်” ဟု Szakonyi က ပြောသည်။Szakonyi သည် ရုရှားနိုင်ငံရေးဘောဂဗေဒကို အထူးကျွမ်းကျင်သည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

((အနောက်တိုင်းကုမ္ပဏီများမှာ ရုရှားဈေးကွက်သို့ ပြန်ဝင်ရန် ဖုတ်ပူမီးတိုက် ဖြစ်မနေကြ))

ရုရှားဈေးကွက်မှာ ကြီးမားသော ဈေးကွက်ကြီးဖြစ်သော်လည်း အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေး လိုက်လျှင်သော်မှ စီးပွားရေးလုပ်ငန်းများအနေဖြင့် ရုရှားသို့ ပြန်ဝင်ရေးကိစ္စကို သတိထားသင့်ကြောင်း အကဲခတ်ပုဂ္ဂိုလ်တို့က ပြောသည်။ရုရှား၏ စစ်အတွင်းစီးပွားရေးမှာ ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ ငွေကြေးမတည်ငြိမ်ခြင်းနှင့် အတိုးနှုန်း ခေါင်ခိုက်နေခြင်းများ ရင်ဆိုင်နေရသည်။

သမ္မတပူတင်၏ အတိုက်အခံလုပ်ရန်မလွယ်သော အုပ်ချုပ်ပုံကြောင့်လည်း တရားဥပဒေစိုးမိုးရေးနှင့် ဘေးကင်းလုံခြုံရေးတို့အပေါ် ရတက်မအေးဖြစ်ရမှုများ ရှိနေကြောင်း အကဲခတ်ပုဂ္ဂိုလ်တို့က ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Russia is using the French carmaker Renault to teach Western companies a lesson about leaving its market