- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားတွင် လစာ ရင်းဂစ် ၂၅၀၀ သာရသည့် မိန်းကလေးတစ်ဦးက “အသက်ကြီးလာရင် နောင်တ မရချင်ဘူး” ဟုပြောကာ အချိန်ပိုင်းအလုပ် ၃ ခုလုပ်ရင်း BYD Seal တစ်စင်းကို ၉ နှစ်အရစ်ကျဖြင့် ဝယ်ယူခဲ့သည့်ကိစ္စ မလေးရှား လူမှုကွန်ရက်သုံးစွဲသူများအကြား နာမည်ကြီးနေ
မလေးရှားတွင် လစာ ရင်းဂစ် ၂၅၀၀ သာရသည့် မိန်းကလေးတစ်ဦးက “အသက်ကြီးလာရင် နောင်တ မရချင်ဘူး” ဟုပြောကာ အချိန်ပိုင်းအလုပ် ၃ ခုလုပ်ရင်း BYD Seal တစ်စင်းကို ၉ နှစ်အရစ်ကျဖြင့် ဝယ်ယူခဲ့သည့်ကိစ္စ မလေးရှား လူမှုကွန်ရက်သုံးစွဲသူများအကြား နာမည်ကြီးနေ
- 1027 views
လစာနည်းသူတို့အနေဖြင့် ကားတစ်စင်းဝယ်နိုင်ရန် ငွေစုမည်ဆိုလျှင် ခက်ခက်ခဲခဲကြိုးစားကာ စွန့်လွှတ်စတေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ အထူးသဖြင့် ဈေးသက်သာသော လျှပ်စစ်ကားတစ်စင်း ဝယ်မည်ဆိုလျှင်ပင် မလွယ်ကူလှ။
မလေးရှားနိုင်ငံမှ မိန်းကလေးတစ်ဦးက သူ၏ လစာမှာ ရင်းဂစ် ၂၅၀၀ သာရသော်လည်း BYD Seal တစ်စင်းဝယ်နိုင်ရန် မည်သို့မည်ပုံ စီစဉ်ခဲ့သည်ကို လူမှုကွန်ရက်တွင် မျှဝေပြောပြလာခဲ့သည်။
မလေးရှားတွင် BYD Seal ၏ variant ၂ မျိုးကို မကြာသေးမီက ဖြန့်ချိခဲ့သည်။
Seal Premium (extended range) မှာ ဈေးတန်း ရင်းဂစ် ၁၇၉၈၀၀ မှ ၁၈၀၄၃၀ ကြားရှိ (third-party ကုမ္ပဏီ၏ အာမခံကြေး မပါသေး) သည်။Seal Performance AWD မှာ ရင်းဂစ် ၁၉၉၈၀၀ မှ ၂၀၀၄၃၀ ကြား (third-party ကုမ္ပဏီ၏ အာမခံကြေး မပါသေး) ရှိသည်။
အသက် ၂၄ နှစ်အရွယ်ရှိ မလေးရှား မိန်းကလေးက အဆိုပါကားကို မိမိဘာသာ ငွေပေးသွင်း ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Threads လူမှုကွန်ရက်တွင် ရေးသားဖော်ပြလာသည်။
(မှတ်ချက်။ Threads မှာ Meta ၏ Instagram မှ ထုတ်လုပ်သော text အခြေပြု လူမှုကွန်ရက်ဖြစ်သည်။ Threads အကောင့်ဖွင့်ရန်အတွက် အင်စတာဂရမ်အကောင့် ရှိရန်လိုအပ်သည်)
Threads လူမှုကွန်ရက်တွင် အဆိုပါမိန်းကလေးက @carmensbaeisfood ဟူသော အကောင့်ဖြင့် ဖော်ပြသည်မှာ BYD Seal အတွက် လက်ငင်းပေးသွင်းငွေ ရင်းဂစ် ၃၁၀၀၀ ပေးသွင်းခဲ့ပြီး တစ်လလျှင် ရင်းဂစ် ၁၇၀၀ နှုန်း ၉ နှစ်ပေးသွင်းမည့် အစီအစဉ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပေးသွင်းငွေပမာဏမှာ flexible ရှိသောကြောင့် ဝယ်ယူခဲ့သည့် EV အတွက် ၇ နှစ်ဖြင့် အကြေဆပ်ရန် ရည်မှန်းထားကြောင်းလည်း ၎င်းက ပြောသည်။
“ကျွန်မ အသက်ကြီးလာတဲ့အခါ နောင်တ မရချင်ဘူး။ (အခုမဝယ်ရင်လည်း) နောင်တချိန်ချိန်မှာ ကျွန်မဟာ ကားတစ်စင်း ဝယ်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့် အသက်ကြီးသွားလို့ နောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ BYD Seal တစ်စင်း မဝယ်ခဲ့ရလို့ နောင်တမရချင်ပါဘူး” ဟု Carmen က ရေးသားဖော်ပြသည်။လက်တွေ့ဘဝတွင် အဆိုပါဝင်ငွေမျှဖြင့် မည်သူမှ EV ဝယ်နိုင်မည်မဟုတ်ချေ။
Carmen က သူ၏ပို့စ်မှ ကွန်မန့်တွင် ရှင်းပြသည်မှာ အထက်တန်း ကျောင်းသူဘဝကတည်းက အချိန်ပိုင်းအလုပ်များလုပ်ကာ ခြိုးခြံချွေတာပြီး ငွေစုခဲ့ကြောင်း၊ အစားအသောက်များကို ၂ ရင်းဂစ်ဖိုးမျှသာ ဝယ်ယူခြင်းဖြင့် ချွေတာခဲ့ကြောင်း ပြောပြသည်။
ထို့အပြင် BYD Seal အတွက် အရစ်ကျငွေသွင်းရန်နှင့် အခြားကုန်ကျစရိတ်များ ကာမိစေရန် အချိန်ပိုင်း အလုပ် ၃ ခု လုပ်ကိုင်လျက်ရှိနေသည်။အထက်တန်းနှင့် တက္ကသိုလ်တက်ခဲ့စဉ်က full scholarship များ ရခဲ့သောကြောင့် ကျောင်းစရိတ်မကုန်ခဲ့ ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ထို့အပြင် မိဘများနှင့် အတူနေသောကြောင့် နေရေးအတွက်လည်း ငွေကုန်စရာမလိုရာ ဝယ်ယူထားသော EV အတွက်သာ ငွေကုန်စရာရှိသည်။“မိသားစုနဲ့ အတူနေတာကြောင့် အိမ်ငှားခ မကုန်ပါဘူး။ အိမ်ရဲ့ အထွေထွေစရိတ်တွေက အမေကုန်တာပါ” ဟု Carmen က ကွန်မန့်တစ်ခုကို reply ပြန်ထားသည်။
လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက Carmen အား အဘယ်ကြောင့် EV ကို ရွေးချယ်သနည်းဟု မေးရာ အလုပ်ကို ပိုမိုကြိုးကြိုးစားစားလုပ်ရန် လှုံ့ဆော်ပေးနိုင်သောကြောင့်ဖြစ်ကြောင်း ၎င်းက ဖြေကြားထားသည်။
၎င်းနှင့် သဘောထားကွဲလွဲသူတစ်ဦးအား Carmen က တုံ့ပြန်ထားသည်မှာ မိမိ၏ငွေကို ကားတွင် သုံးစွဲရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ လူတစ်ဦးစီတိုင်းတွင် ငွေသုံးစွဲမှုနှင့် စပ်လျဉ်းပြီး ဦးစားပေးကဏ္ဍ မတူနိုင်ကြောင်း၊ သို့သော် EV တွင် ငွေသုံးခြင်းမှာ အကောင်းဆုံးခြေလှမ်းမဟုတ်ဟူသည့် မှတ်ချက်ပြုသူ၏ သဘောထားကိုလည်း သဘောတူပါကြောင်း ဖြေကြားထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 24-year-old manages to pay off BYD Seal down-payment with RM2.5k salary