• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မီးလျှံထဲကပန်း (သို့မဟုတ်) တရုတ်ပြည်တွင် ကားမောင်းလာသော အမျိုးသားက စက်ဘီးစီးလာသော မိန်းကလေးတစ်ဦးကို ဝင်တိုက်မိခဲ့ပြီးနောက် နှစ်ဦးသား ချစ်ကျွမ်းဝင်ကာ လက်ထပ်ခဲ့ကြသည့် အချစ်ဇာတ်လမ်း တရုတ်ပြည်တွင် နာမည်ကြီးနေ

မီးလျှံထဲကပန်း (သို့မဟုတ်) တရုတ်ပြည်တွင် ကားမောင်းလာသော အမျိုးသားက စက်ဘီးစီးလာသော မိန်းကလေးတစ်ဦးကို ဝင်တိုက်မိခဲ့ပြီးနောက် နှစ်ဦးသား ချစ်ကျွမ်းဝင်ကာ လက်ထပ်ခဲ့ကြသည့် အချစ်ဇာတ်လမ်း တရုတ်ပြည်တွင် နာမည်ကြီးနေ

  • 268 views

ကားအက်ဆီးဒင့်ဖြစ်ရာမှ အတွဲဖြစ်သွားသည့် အချစ်ဇာတ်လမ်းတစ်ခု တရုတ်ပြည်မကြီး လူမှုကွန်ရက် သုံးစွဲသူများအကြား နာမည်ကြီးနေသည်။

ယခုဖေဖော်ဝါရီလအတွင်း မျိုးရိုးအမည် လီဟုခေါ်သော အသက် ၃၅ နှစ်အရွယ် အမျိုးသားနှင့် အသက် ၂၃ နှစ်အရွယ် မိန်းကလေးတို့ တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် လက်ထပ်ခဲ့ကြသည်။

သူတို့နှစ်ဦး စတင်ဆုံစည်းခဲ့ပုံမှာ စိတ်ကူးယဉ်မဆန်လှ။၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လီက ကားတစ်စင်းကို မောင်းလာချိန်တွင် မိန်းကလေးကို တိုက်မိခဲ့ရာမှ စတင်ဆုံစည်းခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က လီသည် အရေးကြီးကိစ္စတစ်ခုရှိနေသောကြောင့် ကားကို အမြန်မောင်းခဲ့မိသည်။လမ်းတွင် ဘက်ထရီစက်ဘီးစီးလာသည့် အမည်မသိ မိန်းကလေးတစ်ဦးကို ဝင်တိုက်မိခဲ့၏။လီက ကားပေါ်မှ ချက်ချင်းဆင်းကာ မိန်းကလေးကို ဆင်းကြည့်သည်။လမ်းပေါ်တွင် မိန်းကလေးလဲကျနေစဉ် လီက “ဘာမှ မပူနဲ့နော်” ဟု ပြောခဲ့၏။ဆေးစစ်ချက်များအရ မိန်းကလေးမှာ ညှပ်ရိုးကျိုးသွားသည်ဟု ဆိုသည်။

(▲ကားဖြင့် တိုက်မိပြီးနောက် မိန်းကလေးမှာ လမ်းပေါ်တွင် လဲနေခဲ့သည်။ ဓာတ်ပုံ-QQ.com)

မိန်းကလေးမှာ ကြင်နာတတ်သူတစ်ဦးဖြစ်ကြောင်း လီက ပြောသည်။မိန်းကလေး၏ မိဘများကလည်း လီကို ပြစ်တင်ဝေဖန်ခြင်း မပြုသည့်အပြင် လျော်ကြေးလည်း မတောင်းခဲ့ချေ။ထို့ကြောင့် အပြန်အလှန်အားဖြင့် လီကလည်း ဆေးရုံသို့ နေ့တိုင်းသွားကာ မိန်းကလေးကို ကြည့်ရှုစောင့်ရှောက် ပေးခဲ့သည်။ထိုကာလအတွင်း ကိုယ်စီဘဝများအကြောင်း ရင်ဖွင့်ပြောပြခဲ့ကြသည်။

ယင်းနောက်ပိုင်း အက်ဆီးဒင့်ဖြစ်ပြီး ရက်သတ္တ ၃ ပတ်အကြာတွင် မိန်းကလေးက လီကို ချစ်နေမိကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။ကနဦးတွင် လီက ငြင်းပယ်ခဲ့၏။ မိမိနှင့် မိန်းကလေးမှာ အရွယ်ချင်းမမျှဘဲ မိမိမှာ အသက်ကြီးလွန်းနေကြောင်း လီက ပြောသည်။

တစ်ရက်တွင်မူ လီက မိန်းကလေးကို ရုပ်ရှင်လိုက်ပြရန် သဘောတူခဲ့သည်။ယင်းနောက်ပိုင်း လီတို့နှစ်ဦး တွဲခဲ့ကြသည်။မိန်းကလေးမှာ ပြီးခဲ့သောနှစ် စက်တင်ဘာလက ကိုယ်ဝန်ရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် ၎င်းတို့ လက်ထပ်ခဲ့ကြသည်။စီးပွားရေးလုပ်ငန်းရှင် လီတွင် ကြွေးမြီများ တင်နေသည်။ ဇနီးဖြစ်သူ မိန်းကလေးမှာမူ တက္ကသိုလ်မှ ကျောင်းပြီးစသာ ရှိသေးပြီး ဒေသတွင်း milk tea ဆိုင်တစ်ခုတွင် အလုပ်ဝင်နေသည်။

လီက ပြောသည်မှာ ဤမိန်းကလေးနှင့် မဆုံစည်းမီက ဘဝရည်မှန်းချက်များထဲတွင် လက်ထပ်ရန်ကိစ္စ မပါဝင်ခဲ့ကြောင်း၊ မိန်းကလေး၏ ရဲရင့်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောသည်။လီမှာ ဇနီးဖြစ်သူ၏ အိမ်တွင် လိုက်နေသည်။ သူ၏ အလုပ်နှင့် နီးသောကြောင့်ဖြစ်၏။မိန်းကလေးဘက်မှ မိသားစုအသိုင်းအဝိုင်းမှာ မိမိအပေါ် အလွန်ကောင်းကြောင်း လီက ပြောသည်။

 

(▲အက်ဆီးဒင့်ဖြစ်ပြီး ၁၄ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြသည်။ ဓာတ်ပုံ-QQ.com)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: China car accident acts as cupid for woman injured by driver whose hospital care led to love
 
Photo Credit-QQ.com