• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အရှုံးပေါ်နေသော Nissan ကုမ္ပဏီက Honda နှင့် ပေါင်းစည်းရန် ဆွေးနွေးမှု မအောင်မြင်ခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ်ဟောင်း ဦးဆောင်သောအဖွဲ့က Tesla ကို Nissan တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရေး ဆွဲဆောင်နိုင်ရန် စီစဉ်နေ

အရှုံးပေါ်နေသော Nissan ကုမ္ပဏီက Honda နှင့် ပေါင်းစည်းရန် ဆွေးနွေးမှု မအောင်မြင်ခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ်ဟောင်း ဦးဆောင်သောအဖွဲ့က Tesla ကို Nissan တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရေး ဆွဲဆောင်နိုင်ရန် စီစဉ်နေ

  • 279 views

အရှုံးပေါ်ကာ စက်ရုံ အချို့ပိတ်သိမ်းရန်နှင့် ဝန်ထမ်းများလျှော့ချရန် စီစဉ်လာနေရသော Nissan ကုမ္ပဏီသည် Honda နှင့် ပေါင်းစည်းရန် ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

ထို့ကြောင့် ယခုအခါ ဝန်ကြီးချုပ်ဟောင်း ယိုရှီဟီဒီ ဆူဂါ ပါဝင်သော ဂျပန်မှ ထိပ်တန်းလွှာအဖွဲ့တစ်ခုက Tesla အနေဖြင့် Nissan တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးဆွဲဆောင်နိုင်ရန် အစီအစဉ်များ ဆောင်ရွက်နေကြောင်း Financial Times သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခုကဲ့သို့ Tesla အား ဆွဲဆောင်မည့်အစီအစဉ်ကို Tesla ၏ ဘုတ်အဖွဲ့ဝင်ဟောင်း ဟီရို အိဇုမိ ဦးဆောင်ကာ ဆောင်ရွက်နေခြင်း ဖြစ်သည်။

Nikkei သတင်းစာတွင် ဖော်ပြခဲ့သော အခြားသတင်းတစ်ရပ်အရ ထိုင်ဝမ်အခြေစိုက် iPhone ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သည့် Foxconn ကုမ္ပဏီက Honda နှင့် မိတ်ဘက်လက်တွဲရန် ကမ်းလှမ်းထားသည်ဟု ဆိုသည်။

Foxconn သည် Honda နှင့် မိတ်ဘက်လက်တွဲပြီးလျှင် Nissan, Mitsubishi တို့နှင့်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် ရည်မှန်းထားသည်။

Elon Musk ဦးဆောင်သော Tesla သည် Nissan ၏ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံသူဖြစ်လာမည်ဟု အိဇုမိ ဦဆောင်သောအဖွဲ့က မျှော်လင့်ထားသည်။

အမေရိကန်ရှိ Nissan ၏ စက်ရုံများကို Tesla က ဝယ်ယူရန် ဆန္ဒရှိလိမ့်မည်ဟု ၎င်းတို့က ယုံကြည်နေကြောင်း Financial Times က ဖော်ပြသည်။
အချို့သော ကားလောက အကဲခတ်ပုဂ္ဂိုလ်တို့ကမူ Tesla အနေဖြင့် အမေရိကန်ရှိ Nissan ၏ စက်ရုံများကို ဝယ်ယူရန် စိတ်ဝင်စားနိုင်ချေ ရှိ၊ မရှိကို သံသယရှိကြသည်။

Tesla တွင် စက်ရုံများ အများအပြားရှိနေပြီးဖြစ်သည့်အပြင် ၂၀၂၄ ခုနှစ်အတွင်း ရောင်းအားကျဆင်းခဲ့မှုကိုလည်း ၎င်းတို့က ထောက်ပြသည်။

ယခု ၂၀၂၅ ခုနှစ်အတွင်း ကားအလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာမည်ဟု မျှော်မှန်းထားကြောင်း Tesla က ပြီးခဲ့သော ဇန်နဝါရီလအတွင်း ပြောကြားထားသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ဆူဂါ၏ ရုံးကမူ Tesla ကို Nissan တွင် ရင်းနှီးမြှုပ်နှံရေး တိုက်တွန်းမည့် အစီအစဉ်ကို မသိရှိသေးကြောင်း ပြောသည်။

ဆူဂါသည် ၂၀၂၁ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ အနားယူခဲ့သော်လည်း ဂျပန်အောက်လွှတ်တော်အမတ်အဖြစ် ဆက်လက်ပါဝင်နေဆဲဖြစ်ကာ Nissan အခြေစိုက်သည့် ကနဂဝ စီရင်စု၏ ကိုယ်စားပြုအမတ်ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:   Japan reportedly turns to Tesla to secure Nissan’s future after Honda deal collapse, Elon Musk says…  (reuters)