• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Tesla ထုတ် Cybertruck ကို ဗြိတိန်တွင် အသုံးပြုခွင့်မရှိကြောင်း ပိတ်ပင်ထားပြီး မန်ချက်စတာမြို့တွင် Cybertruck တစ်စင်းကို ရဲတပ်ဖွဲ့က သိမ်းယူ

Tesla ထုတ် Cybertruck ကို ဗြိတိန်တွင် အသုံးပြုခွင့်မရှိကြောင်း ပိတ်ပင်ထားပြီး မန်ချက်စတာမြို့တွင် Cybertruck တစ်စင်းကို ရဲတပ်ဖွဲ့က သိမ်းယူ

  • 783 views

Cybertruck ကို အမေရိကန်ပြည်တွင် ၂၀၁၉ ခုနှစ်အတွင်း စတင် ဖြန့်ချိခဲ့သည်။ ဖြန့်ချိပြီးနောက်ပိုင်း ဂယက်မျိုးစုံနှင့်အတူ ကျော်ကြားခဲ့သည်။

Cybertruck မှာ ကာလကြာရှည် စောင့်ဆိုင်းခဲ့ရပြီး လူအများ မျှော်လင့်ထားသလောက် မှန်းချက်နှင့် နှမ်းထွက် မကိုက်သောကြောင့် Tesla ၏ ရှယ်ယာဈေးများ ကျဆင်းသွားခဲ့ဖူးသည်။

Cybertruck ကို ကမ္ဘာကျော် ကြယ်ပွင့်များစွာ ဝယ်ယူ ပိုင်ဆိုင်ထားကြရာ မိုင်လေဆိုင်းရပ်၊ ဂျပ်စတင်ဘီဘာ၊ ဂျေးဇီနှင့် ဘီလျံနာသူဌေးကြီး ဂျက်ဘေးဇော့တို့ အပါအဝင် ဖြစ်သည်။Cybertruck ကို ကျည်ကာသည်ဟု ပြောဆိုထားမှုမှာလည်း အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။

ပြီးခဲ့သော လအတွင်း ဗြိတိန်တွင် မန်ချက်စတာမြို့အနီး၌ Cybertruck တစ်စင်းကို ရဲတပ်ဖွဲ့က တားဆီးကာ သိမ်းယူခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့မှုမှာ အဆိုပါ ကား၏ ဘေးကင်းလုံခြုံမှု အားနည်းချက်ကို ထင်ဟပ်နေသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။

(အင်္ဂလန်နိုင်ငံ Farnborough International Exhibition Centre တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်က ကျင်းပခဲ့သော ၂၀၂၄ ဗြိတိန်ကားပြပွဲ၌ Cybertruck တစ်စင်းကို လာရောက်ကြည့်ရှုသူတို့က ဓာတ်ပုံများ ရိုက်ကူးနေကြပုံ။ ဓာတ်ပုံ-Getty Images)

လိုရင်းကို ဆိုရလျှင် Cybertruck ကို ဗြိတိန်တွင် အမှန်တကယ် တားမြစ် ပိတ်ပင်ထားသည်။Cybertruck သည် ဗြိတိန်၏ ဘေးကင်းလုံခြုံရေးစံနှုန်းများနှင့် မကိုက်ညီသောကြောင့် ပိတ်ပင်ထားခြင်းဖြစ်ပြီး အများပြည်သူတို့ အသုံးပြုသည့် လမ်းများပေါ်တွင် တရားဝင်မောင်းနှင်ခွင့် မရှိချေ။အဆိုပါ သတင်းမှာ အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။

Cybertruck သည် အမေရိကန်၏ ယာဉ်လမ်းကြော အာဏာပိုင်အဖွဲ့ (NHTSA) ထံမှ မကြာသေးမီကပင် ကြယ်ငါးပွင့်အဆင့် Rating ရထားသည်။ကြယ် ၅ ပွင့်အဆင့်မှာ ထိုအဖွဲ့က အမြင့်မားဆုံးပေးသည့် Rating အဆင့် ဖြစ်သည်။သို့သော် ဗြိတိန်၏ စံနှုန်းများအရမူ (NHTSA) ၏ Rating မှာ အချည်းနှီး ဖြစ်နေသည်။
ဗြိတိသျှတို့၏ ရှုမြင်ပုံမှာ အမေရိကနှင့် မတူ။Cybertruck ၏ အထူး ထုတ်လုပ်ထားသော Stainless Steel မျက်နှာပြင်များ၊ ချွန်ထက်သော အစွန်းများနှင့် လေးလံသော ကားအလေးချိန်တို့မှာ ဗြိတိန်နှင့် အံမဝင် ဖြစ်နေရာ Cybertruck မှာ ပိတ်ပင်ခံရသည့် အခြေအနေသို့ ဆိုက်ရောက်သွားသည်။

မန်ချက်စတာမြို့ ရဲတပ်ဖွဲ့က လူမှုကွန်ရက်တွင် ပြောကြားသည်မှာ “ဒီအချက်က တချို့အတွက် အရေးမပါဘူး လို့ ထင်နိုင်ကောင်းပေမယ့် တခြားသော လမ်းအသုံးပြုသူတွေ၊ လမ်းသွားလမ်းလာတွေ Cybertruck နဲ့ တိုက်မိရင် ကြုံတွေ့လာမယ့် ဘေးကင်းလုံခြုံမှု ရတက်မအေးစရာတွေ ရှိနေပါတယ်”ဟု ဆိုသည်။

Cybertruck ကို ဗြိတိန်တွင် ပိတ်ပင်ရသည့် အကြောင်းရင်းများမှာ ကားအရွယ်အစားနှင့် အလေးချိန်၊ ချွန်မြသော အစွန်းများ၊ တိုးတိုက်မိပါက အန္တရာယ်ရှိနိုင်ခြင်း အစရှိသည်တို့ကြောင့် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Tesla Cybertruck Banned And Seized By Police In The U.K.