- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်တွင် Walmart ဆိုင်မှ အလစ်သုတ်သူများအား ကားပါကင်မှ ကားများ ရေဆေးပေးရမည့် ပြစ်ဒဏ် ချမှတ်
အမေရိကန်ပြည်တွင် Walmart ဆိုင်မှ အလစ်သုတ်သူများအား ကားပါကင်မှ ကားများ ရေဆေးပေးရမည့် ပြစ်ဒဏ် ချမှတ်
- 272 views
အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်တွင် Walmart ဆိုင်မှ အလစ်သုတ်သူများအား နွေဦးပေါက်တွင် အဆိုပါဆိုင်ရှိ ကားပါကင်မှ ကားများကို ရေဆေးပေးရမည့်ပြစ်ဒဏ်ကျခံစေရန် တရားသူကြီးက အမိန့်ချမှတ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
တရားသူကြီး ဂျက်ဖရီ ကလို့သီယာက ပြောသည်မှာ ယခုကဲ့သို့ သမားရိုးကျမဟုတ်သော လူ့အသိုက်အဝန်း ဝန်ဆောင်မှု ပြစ်ဒဏ်ပေးခြင်းအားဖြင့် နောက်နောင်တွင် Walmart မှ အလစ်သုတ်ခြင်း ရှောင်ကြဉ်လာကြမည် ဖြစ်သည့်အပြင် အလစ်သုတ်ခြင်းများ ပိုမိုများပြားလာပါက ကုန်ဈေးနှုန်းတက်နိုင်ခြင်း၊ ဆိုင်ပြုတ်သွားခြင်းဖြစ်နိုင် ကြောင်း၊ ထိုသို့အခြေအနေများ မရှိခြင်းမှာ ဈေးဝယ်သူများအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း ပြောသည်။
တရားခံများသည် Walmart ဆိုင်ရှေ့ ကားပါကင်မှ ကားများကို အခမဲ့ရေဆေးပေးရမည် ဖြစ်သည်။
“ခိုးမှုကျူးလွန်သူတိုင်းဟာ လူဆိုးတွေဖြစ်တယ်လို့ မထင်ပါဘူး။ တခါတရံမှာ ကံမကောင်းအကြောင်းမလှလို့ ကျူးလွန်ရတာမျိုး ရှိပါတယ်” ဟု ဂျက်ဖရီက ပြောသည်။
ဂျက်ဖရီသည် Genesee ခရိုင်မှ ခရိုင်တရားသူကြီးအဖြစ် မကြာသေးမီက ရွေးကောက်တင်မြှောက်ခံထားရသူ ဖြစ်သည်။
“ဒါပေမယ့် ဥပဒေကို ချိုးဖောက်ပြီဆိုတာနဲ့ အကျိုးဆက်တွေ ရှိလာမှာ ဖြစ်ပါတယ်”
ဒက်ထရွိုက်မြို့၏ မြောက်ဘက် ၈၀ ကီလိုမီတာ (မိုင် ၅၀) အကွာရှိ Grand Blanc မြို့ရှိ Walmart ဆိုင်မှ အလစ်သုတ်သူများကို ကားရေဆေးစေသည့် ပြစ်ဒဏ်ချမှတ်မှု စတင်ကျင့်သုံးနေကြောင်း တရားသူကြီး ဂျက်ဖရီက အေပီသတင်းဌာနသို့ ပြောသည်။
လာမည့် မတ်လနှင့် ဧပြီလများတွင် အဆိုပါနေရာ၌ ကားရေဆေးရန် ပြစ်ဒဏ်ချမှတ်ရမည့်သူ ၇၅ ဦးမှ ၁၀၀ ဦးကြား ရှိနိုင်ကြောင်း ဂျက်ဖရီက ခန့်မှန်းထားသည်။
ကားရေဆေးရန်အတွက် Walmart က ရေနှင့် အခြားပစ္စည်းများ စီစဉ်ပေးလိမ့်မည်ဖြစ်ကြောင်းလည်း တရားသူကြီးက ပြောသည်။
ဇန်နဝါရီလတွင် တရားသူကြီးဖြစ်လာပြီးနောက် အလစ်သုတ်သူများ အလွန်များပြားနေမှုကို သိရှိလာသည့်အပေါ် အလွန်တုန်လှုပ်မိကြောင်းလည်း တရားသူကြီး ဂျက်ဖရီက ပြောသည်။
တစ်ရက်တည်းဖြင့် အလစ်သုတ်မှု ၄၈ မှုအထိ ရှိနေသည်ကိုလည်း ကြုံရကြောင်း ၎င်းက ပြောသည်။
“ကိုယ်နဲ့သိတဲ့တစ်ယောက် အဲဒီမှာ ကားရေဆေးနေတာကို တွေ့သွားမယ်ဆို အရှက်ရစရာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဂျက်ဖရီက ပြောသည်။
Walmart က အလစ်သုတ်သမားများနှင့် မကြာခဏရင်ဆိုင်နေရသောကြောင့် ရဲတပ်ဖွဲ့ ကားရပ်နားရန်နေရာတစ်ခုပါ အမြဲစီစဉ်ပေးထားရသည်။
“တီထွင်ဆန်းသစ်တဲ့ ချဉ်းကပ်ပုံတစ်ခုပါပဲ။ ဒီနည်းလမ်းက တစ်ယောက်လောက်ကိုပဲ ဟန့်တားနိုင်မယ်ဆိုရင်တောင်မှ အောင်မြင်မှုတချို့ ရနိုင်ပါတယ်” ဟု ခရိုင်အစိုးရရှေ့နေ David Leyton က ပြောသည်။
သို့သော် ကားရေဆေးရာတွင် အလစ်သုတ်သူများချည်းမဟုတ်ချေ။
“ကျွန်တော်လည်း သူတို့နဲ့အတူ ကားရေဆေးမှာ ဖြစ်ပါတယ်” ဟု တရားသူကြီး ဂျက်ဖရီက ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Michigan judge sentences Walmart shoplifters to wash cars in the parking lot (apnews)