• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မလေးရှားတွင် အဝေးပြေးလမ်းမကြီးပေါ်၌ “လာလေ..တိုက်လိုက်စမ်းပါ” ဟု ပြောကာ နေ့စဉ်ရက်ဆက် ကားများရှေ့သို့ ခုန်ဝင်နေသော အမျိုးသားတစ်ဦးအကြောင်း TikTok လူမှုကွန်ရက်တွင် ပျံ့နှံ့နေ

မလေးရှားတွင် အဝေးပြေးလမ်းမကြီးပေါ်၌ “လာလေ..တိုက်လိုက်စမ်းပါ” ဟု ပြောကာ နေ့စဉ်ရက်ဆက် ကားများရှေ့သို့ ခုန်ဝင်နေသော အမျိုးသားတစ်ဦးအကြောင်း TikTok လူမှုကွန်ရက်တွင် ပျံ့နှံ့နေ

  • 430 views

မလေးရှားနိုင်ငံ၊ Perak ပြည်နယ်၊ Tapah မြို့အနီး North-South အဝေးပြေးလမ်းမကြီးပေါ်တွင်ရှိသော နာမည်ကျော် Tapah R&R အမည်ရှိ ခရီးတစ်ထောက်နားခိုစခန်းအနီးတွင် အမျိုးသားတစ်ဦးသည် အဝေးပြေးလမ်းပေါ် ဖြတ်သန်းနေသော ကားများရှေ့သို့ ခုန်ဝင်ကာ လမ်းလယ်တွင် မတ်တပ်ရပ်နေသည့် ဖြစ်ရပ်ကြောင့် ဖြတ်သန်းခဲ့သည့် ကားမောင်းသူများ အံ့သြတကြီး ဖြစ်ခဲ့ရသည်။

Ozzey Fdez အမည်ဖြင့် TikTok သုံးစွဲသူ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တစ်ခု မျှဝေခဲ့ရာ အမျိုးသားတစ်ဦးသည် အဝေးပြေးလမ်းမအလယ်တွင် မတ်တပ်ရပ်နေရုံမျှမက ဖြတ်သန်းသွားသော ကားများရှေ့သို့ အတင်းခုန်ဝင်နေပုံကို တွေ့ရသည်။

 

(ဓာတ်ပုံ-Ozzey Fdez)

 

“သူက ကျွန်မတို့ရဲ့ကားရှေ့ကိုတင်မကဘူး…တခြားကားတွေရဲ့ရှေ့ကို လမ်းအလယ်ခေါင်ကြီးမှာ လိုက်ပြီး ခုန်ဝင်နေတာ..” ဟု Ozzey က ပြောသည်။
ဗွီဒီယိုထဲတွင် တွေ့ရှိရမှုအရ ထိုအမျိုးသားသည် Ozzey Fdez ၏ ကားရှေ့တွင် ပိတ်ရပ်နေသည်ကို တွေ့ရသည်။ထို့ကြောင့် ကားကို အရှိန်လျှော့ကာ ၎င်း၏ ဘေးမှ ကွေ့ဝိုက်ကာ မောင်းသွားရသည်။

(ဓာတ်ပုံ-Ozzey Fdez)

 

(ဓာတ်ပုံ-Ozzey Fdez)

Ozzey Fdez က ထိုအမျိုးသား လုပ်ဆောင်နေပုံများကို လှမ်းမျှော်တွေ့မြင်သောကြောင့် ကားကို အရှိန်မြှင့်ကာ မောင်းသွားသည်။ သို့တိုင် ထိုအမျိုးသားက ကားဆီသို့ ခုန်ဝင်လာခဲ့သည်။သို့သော် ကံကောင်းထောက်မစွာဖြင့် မတိုက်မိခဲ့ဘဲ Ozzey Fdez မှာ ထိုနေရာမှ မောင်းထွက်သွားနိုင်ခဲ့သည်။

 

((အခြားသူများလည်း တွေ့မြင်ခဲ့ကြ))

ထိုဗွီဒီယိုဖိုင်ကို ကြည့်ရှုရသူတို့က ၎င်းတို့လည်း ထိုအမျိုးသားနှင့် တွေ့ကြုံခဲ့ရကြောင်း မှတ်ချက်ပြုကြသည်။ အချို့ကမူ ထိုအမျိုးသားမှာ အာမခံကြေး လိမ်လည်ထုတ်ယူလိုသောကြောင့် ယခုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသည်။

 

((TikTok သုံးစွဲသူတို့၏ မှတ်ချက်များ))

“ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ညက ကျွန်တော်ဆိုင်ကယ်စီးလာတုန်း သူ့ကို တွေ့တယ်။ ကားတွေရှေ့မှာ ပိတ်ရပ်နေပြီး ….တိုက်လိုက်စမ်းပါ…တိုက်လိုက်ပါ…လို့ အော်ဟစ်နေတာ တွေ့တယ်။ ကျွန်တော်လည်း Behrang R&R နားနေစခန်းမှာ ရပ်နားခဲ့ပြီး PLUS hotline ကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ သူက တခြားသူတွေ ဒုက္ခရောက်အောင် ပြုမူနေတာပါ”

(မှတ်ချက်။ PLUS hotline ဆိုသည်မှာ အဆိုပါ အဝေးပြေးလမ်းပိုင်းတွင် အရေးပေါ်ဝန်ဆောင်မှုပေးသည့် PLUS Malaysia Berhad ကုမ္ပဏီ၏ အရေးပေါ်ဖုန်းနံပါတ်ကို ဆိုလိုသည်။ ထိုကုမ္ပဏီက အဆိုပါလမ်းပိုင်းတွင် ယာဉ်မတော်တဆဖြစ်ပွားမှုများ၊ အရေးပေါ်ကိစ္စများ၊လမ်းပိုင်း အခြေအနေစုံစမ်းခြင်းကဲ့သို့ ဝန်ဆောင်မှုများ ပေးသည်။ ဖုန်းနံပါတ်မှာ 1-800-88-0000 ဖြစ်ကြောင်း သိရသည်)

“ပြီးခဲ့တဲ့ညက ကျွန်တော်အဲဒီနေရာကို ဖြတ်သွားတယ်။ သူ့ကို လမ်းဘေးမှာ တွေ့တယ်။ သူက ကားတွေဆီကို ပြေးဝင်ဖို့ ကြိုးစားနေတာ တွေ့ပါတယ်။”
“သူက အာမခံငွေ လိမ်ထုတ်ဖို့ ကြိုးစားနေတာပါ”

“ဒီအစ်ကိုက အာမခံငွေ ရဖို့လုပ်နေတာလား”

အဆိုပါဗွီဒီယိုကို @‌ozzeyfdez ၏ TikTok အကောင့်တွင် ကြည့်ရှုနိုင်ပါသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: M’sian Warns of Man Who Jumps in Front of Cars on North-South Expressway After Near Collision

Photo Credit-Ozzey Fdez