• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မလေးရှားတွင် အရက်မူးကာ ကားမောင်းနေသူက ၎င်းအား ဟွန်းတီးသော မိန်းကလေးကို ပြဿနာရှာ သည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ

မလေးရှားတွင် အရက်မူးကာ ကားမောင်းနေသူက ၎င်းအား ဟွန်းတီးသော မိန်းကလေးကို ပြဿနာရှာ သည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ

  • 495 views

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ပီတာလင်းခရိုင်ရှိ Serdang ကျေးရွာတွင် မိန်းကလေးတစ်ဦးသည် အရက်မူးနေသော ကားသမားတစ်ဦးအား ဟွန်းတီးမိရာ အခြေအတင် စကားများခဲ့သည့်ဖြစ်ရပ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့အကြား ပျံ့နှံ့နေသည်။

အဆိုပါ ကားသမားသည် မိန်းကလေး၏ ကားရှိရာ ယာဉ်ကြောသို့ အချက်မပြဘဲ ဝင်ရောက်လာခြင်းဖြစ် သောကြောင့် ဟွန်းတီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

Dashcam ဖြင့် မှတ်တမ်းတင်ထားသည့် ထိုဖြစ်ရပ်ကို အင်စတာဂရမ် လူမှုကွန်ရက်တွင် မျှဝေခဲ့ခြင်းဖြစ်သည်။ မိန်းကလေးနှင့် အဆိုပါအမျိုးသား အခြေအတင် စကားများနေစဉ် မိန်းကလေး၏ မိခင်ရောက်ရှိလာရာ အမျိုးသား၏ အပြုအမူမှာ ပြောင်းလဲသွားခဲ့သည်။

ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရမှုအရ မိန်းကလေးသည် သူ၏ လမ်းကြောထဲသို့ ဝင်လာသော 4×4 ထရပ်ကားအား ဟွန်းတီးခဲ့သည်ကို တွေ့ရသည်။ထိုသို့ ထရပ်ကားမှ အမျိုးသားက ဟွန်းတီးသည်ကို မကြိုက်သောကြောင့် မိန်းကလေး၏ ကားရှေ့ လမ်းလယ်တွင် သူ၏ကားကို မကြာခဏ ရပ်တန့်ခဲ့သော်လည်း မိန်းကလေးက မတိုက်မီစေရန် ရှောင်နိုင်ခဲ့သည်။

‌နောက်ဆုံးတွင် ထိုအမျိုးသားသည် ကားထဲမှ ထွက်လာပြီး မိန်းကလေး၏ ကားအနီးသို့ ချဉ်းကပ်လာသည်။ မိန်းကလေး၏ ကားထဲတွင် သူ၏ ညီမနှင့် အဘိုးဖြစ်သူတို့လည်း ပါလာသည်။အဘိုးဖြစ်သူက ကားမှန်အနည်းငယ်ချလိုက်ပြီး “ဘာဖြစ်လို့လဲ” ဟု မေးသည်။“ချချင်ရင် ဆင်းလာခဲ့လေ” ဟု ထိုအမျိုးသားက ခွန်းတုံ့ပြန်ခဲ့ပြီး မိန်းကလေးဘက်သို့ လှည့်ကာ ကားထဲမှ ထွက်လာရန် ပြောခဲ့သည်။

ထိုသို့ ခြိမ်းခြောက်သည်ကို မတုန်လှုပ်သော မိန်းကလေးက “ဦးလေးက အန္တရာယ်ဖြစ်အောင် မောင်းနေလို့ သမီးဟွန်းတီးတာ။ ဟွန်းက ဒီလိုနေရာတွေမှာ သုံးဖို့ ထည့်ပေးထားတာပါ” ဟု တုံ့ပြန်ပြောဆိုသည်။ထိုအခါ ထိုအမျိုးသားက လေသံပြောင်းသွားပြီး တောင်းပန်ခဲ့သော်လည်း တင်တင်စီးစီး စကားတစ်ခွန်း ပြောသွားသည်။

“အိုကေ။ ဦးလေး တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီမှာ ကလေးမ နောက်ဆိုရင် လူကြီးသူမတွေကို လေးလေးစားစား ဆက်ဆံပါ”

ထိုအခါ မိန်းကလေးက “ဦးလေးက အိမ်မှာပဲ နေသင့်တယ်။ ကားမမောင်းသင့်ဘူး” ဟု တုံ့ပြန်ခဲ့သည်။

ယင်းနောက် ထိုအမျိုးသား ကားမောင်းထွက်သွားသည်။ သို့သော် ပြဿနာမှာ မပြီးသေး။မိန်းကလေး၏ ကားနောက်မှ တောက်လျှောက်ကပ်လိုက်နေခဲ့ပြီး ကားပေါ်မှ ဆင်းလာစေရန် ဖိအားပေးခဲ့ပြန်သည်။ ယင်းနောက် မိန်းကလေး၏ ကားမှန်ကို လာခေါက်ကာ ဒေါသတကြီး ရန်တွေ့ခဲ့သည်။

“နင့်မှာ အပြစ်မရှိဘူးပေါ့ဟုတ်လား။ အဲ့လိုထင်နေတာလား” ဟု ကားထဲသို့ ငုံ့ကြည့်ရင်း အမျိုးသားက အော်ငေါက် ပြောဆိုသည်။ထိုအခါ တုန်လှုပ်နေသော မိန်းကလေး၏ ညီမဖြစ်သူက မိခင်အား ဖုန်းဆက်ခေါ်ရာ မိနစ်ပိုင်းအတွင်း ရောက်လာသည်။ယင်းအမျိုးသားက မိန်းကလေး၏ မိခင်ကို တွေ့လိုက်သောအခါ အပြုအမူများ လုံးဝ ပြောင်းလဲသွားသည်။

မိန်းကလေး၏ မိခင်က တုံ့ဆိုင်းမနေဘဲ ထိုအမျိုးသားနှင့် ချက်ချင်းထိပ်တိုက်ရင်ဆိုင်သည်။

“ဘာဖြစ်တာလဲ။ ရှင်က မိန်းကလေးဆိုပြီး လိုက်နှောင့်ယှက်တာလား။ ရှင်က အရက်တွေလည်း မူးနေတယ်။ ဒါကြောင့် ရှင့်အမှားပဲ။ ရှင့်ကားနောက်ခန်းမှာ ကလေးတစ်ယောက်လည်း ပါနေတယ်” ဟု မိန်းကလေး၏ မိခင်က ပြောသည်။

ထိုအခါ အမျိုးသားမှာ မည်သို့မှ မတုံ့ပြန်နိုင်ဘဲ နှုတ်ဆိတ်နေသည်။

နောက်ဆုံးတွင် သူ၏ အပြစ်ကို ဝန်ခံခဲ့ပြီး တောင်းပန်ကာ ထွက်ခွာသွားသည်။

 (CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Alleged drunk driver tries to bully woman for honking—but her mum has the last word