- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်မှ သိပ္ပံပညာရှင်တို့က လျှပ်စစ်ကားများနှင့် စမတ်ဖုန်းများ၏ ဘက်ထရီများကို ၆ ဆပိုမို သက်တမ်းကြာရှည်ခံစေမည့် ထိုးဆေးတစ်မျိုး တီထွင်နိုင်ပြီ
တရုတ်ပြည်မှ သိပ္ပံပညာရှင်တို့က လျှပ်စစ်ကားများနှင့် စမတ်ဖုန်းများ၏ ဘက်ထရီများကို ၆ ဆပိုမို သက်တမ်းကြာရှည်ခံစေမည့် ထိုးဆေးတစ်မျိုး တီထွင်နိုင်ပြီ
- 357 views
တရုတ်ပြည်မှ သိပ္ပံပညာရှင်တို့သည် လီသီယမ် အိုင်းယွန်း ဘက်ထရီများကို သက်တမ်း ၆ ဆ ပိုမိုကြာရှည်ခံ စေမည့် ပြန်လည်ပြုပြင်သည့်နည်းပညာတစ်ခု တီထွင်လိုက်ကြသည်။
၎င်းတို့၏ ရှာဖွေတွေ့ရှိချက်ကို Nature ဂျာနယ်တွင် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့သည်။
အဆိုပါ နည်းပညာသည် ကုန်ကျစရိတ်သက်သာကာ ဂေဟဗေဒနှင့် သဟဇာတရှိသော နည်းပညာဖြစ်ကြောင်း၊ မကြာမီတွင် ဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်တို့က ပြောသည်။
ဘက်ထရီတို့သည် ခေတ်သစ်နည်းပညာ များစွာတွင် အခရာဖြစ်ရာ ကျွန်ုပ်တို့ နေ့စဉ်သုံးစွဲနေသော စမတ်ဖုန်းများမှသည် လျှပ်စစ်ကားများ အထိ ဖြစ်သည်။
သို့သော် ဘက်ထရီများသည် သက်တမ်းကြာလာလျှင် စွမ်းဆောင်ရည်ကျဆင်းသွားကြသည်။
သုတေသနပညာရှင်များက အဆိုပါ နာနေသော ဘက်ထရီများကို ပြန်လည်နုပျိုလာစေရန်အတွက် အထူးထိုးဆေးတစ်မျိုးဖြင့် ကုသပေးနိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယနေ့ခေတ် အသုံးပြုနေသော လီသီယမ် အိုင်းယွန်းဘက်ထရီများသည် လီသီယမ်အိုင်းယွန်း ထုတ်လွှတ်ပေးသည့် ပစ္စည်းများအပေါ် အခြေခံထုတ်လုပ်ထားခြင်း ဖြစ်သည်။
လျှပ်ကူးပစ္စည်းမှတစ်ဆင့် လီသီယမ်အိုင်းယွန်းတို့ ရွေ့လျားမှုမှာ ဘက်ထရီ၏ အဓိက လုပ်ဆောင်မှု ဖြစ်သည်။
ဘက်ထရီအားသွင်းချိန်တွင် အဖိုငုတ်မှ အမငုတ်ဆီသို့ လီသီယမ်အိုင်းယွန်းတို့ ရွေ့လျားပြီး အားပြန်လည်အသုံးပြုချိန်တွင် ပြောင်းပြန်ရွေ့လျားသည်။
လီသီယမ်အိုင်းယွန်း ရွေ့လျားမှု နည်းပါးသွားလျှင် ဘက်ထရီသက်တမ်းကုန်သည်ဟု ဆိုနိုင်သည်။
ဥပမာအားဖြင့် အချို့သော လျှပ်စစ်ကားတို့၏ ဘက်ထရီသက်တမ်းမှာ အကြိမ်ရေ ၁၅၀၀ ဝန်းကျင် အားသွင်းနိုင်မှုသာ ရှိသည်။
သို့တိုင် ဘက်ထရီအတွင်းရှိ အခြားပစ္စည်းအစိတ်အပိုင်းများမှာ ကောင်းစွာ အလုပ်လုပ်နိုင်ဆဲ ရှိနေသေးသည်။
တရုတ်ပြည် Fudan တက္ကသိုလ်၊ မက္ကရို မော်လီကျူးသိပ္ပံဌာနမှ ထိပ်တန်းသုတေသန ပညာရှင်များဖြစ်သော Gao Yue နှင့် Peng Huisheng တို့နှစ်ဦးက သက်တမ်းကုန်သွားသောဘက်ထရီထဲသို့ လီသီယမ် အိုင်းယွန်းများ ဖြည့်ပေးလျှင် ဘက်ထရီကို ပြန်လည်ရှင်သန်စေနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ခဲ့ကြသည်။
ထိုသို့ စမ်းသပ်နိုင်ရန်အတွက် သမားရိုးကျ ဘက်ထရီဒီဇိုင်း စည်းမျဉ်းများမှ ခွဲထွက်ပြီး လီသီယမ် သယ်ဆောင်နိုင်သည့် မော်လီကျူးများကို ဖန်တီးထုတ်လုပ်ခဲ့ကြသည်။
ထိုမော်လီကျူးများကို ဘက်ထရီထဲသို့ ထိုးသွင်းပေးကာ လီသီယမ်အိုင်းယွန်းတို့ကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
သို့သော် လီသီယမ် သယ်ဆောင်ပေးမည့် မော်လီကျူးများ ထုတ်လုပ်ရန် ရှုပ်ထွေးသော လိုအပ်ချက်များစွာ ရှိနေသည်။
အဆိုပါ မော်လီကျူးသည် လျှပ်ကူးရည်ထဲတွင် ကောင်းစွာပျော်ဝင်နိုင်ရမည့်အပြင် ဘက်ထရီ၏ မူရင်း အခြေအနေများကို မထိခိုက်စေဘဲ ဓာတ်ပြုနိုင်ရမည် ဖြစ်သည်။
ထိုသို့သော မော်လီကျူးများကို စမ်းသပ်ဖော်ထုတ်တွေ့ရှိခဲ့သည့် မှတ်တမ်းအထောက်အထားများ မရှိသေးချေ။
ထို့ကြောင့် သုတေသနပညာရှင်များမှာ အဆိုပါမော်လီကျူးမျိုးကို ဖော်ထုတ်နိုင်ရန် ၄ နှစ်ခန့် အချိန်ယူ လေ့လာခဲ့ရာ နောက်ဆုံးတွင် trifluoromethylsulfonate lithium ဟုခေါ်သောအရာကို ဖော်ထုတ်တွေ့ရှိခဲ့သည်။
၎င်းမှာ ကုန်ကျစရိတ်သက်သာကာ လွယ်ကူစွာ ပေါင်းစပ်နိုင်သည့်အပြင် ဘက်ထရီအမျိုးမျိုးနှင့်လည်း အသုံးပြု၍ ရသည်။
လုပ်ငန်းသုံး လီသီယမ်အိုင်းယွန်းဖော့စ်ဖိတ်ဘက်ထရီကို ယခုနည်းဖြင့် ကုသပေးလိုက်သောအခါ မူလထက်ပိုမို ကောင်းမွန်သွားပြီး အားသွင်းမှုအကြိမ်ရေ ၁၂၀၀၀ ခန့်အထိ ရရှိသွားကြောင်း၊ ပုံမှန်အားသွင်းအကြိမ်ရေ ၂၀၀၀ သာဖြစ်ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ကြောင်း Gao က တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနသို့ ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Chinese scientists develop ‘injection’ to make smartphone and EV batteries last longer (scmp)