• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အင်္ဂလန်မှာ “ဒီကားက ခိုးလို့မရဘူး”လို့ အရောင်းဆိုင်က ညွှန်းတာကြောင့် Range Rover တစ်စီးကို ပေါင် ၁၈၃၀၀၀ ပေးကာ ဝယ်ခဲ့တဲ့ အမျိုးသား နာရီ ၆၀ မပြည့်မီ ကားအခိုးခံလိုက်ရ

အင်္ဂလန်မှာ “ဒီကားက ခိုးလို့မရဘူး”လို့ အရောင်းဆိုင်က ညွှန်းတာကြောင့် Range Rover တစ်စီးကို ပေါင် ၁၈၃၀၀၀ ပေးကာ ဝယ်ခဲ့တဲ့ အမျိုးသား နာရီ ၆၀ မပြည့်မီ ကားအခိုးခံလိုက်ရ

  • 470 views

အင်္ဂလန်နိုင်ငံတွင် ကားအရောင်းဆိုင်တစ်ခုက ခိုးယူ၍ မရနိုင်သော ကားဖြစ်သည်ဟု အခိုင်အမာ ပြောသောကြောင့် Luxury SUV တစ်စင်း ဝယ်ယူခဲ့သော အမျိုးသားတစ်ဦးသည် ကားဝယ်ပြီး နာရီ ၆၀ မပြည့်မီ ကားအခိုးခံလိုက်ရသည်။

အင်္ဂလန်နိုင်ငံ Warwickshire ခရိုင်တွင် နေထိုင်သော ဂျွန်အမည်ရှိ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၂၀၂၄ မော်ဒယ် Range Rover SV Edition One တစ်စင်းကို ပေါင် ၁၈၃၀၀၀ (ကန်ဒေါ်လာ ၂၂၇၀၀၀) ဖြင့် ကိုဗန်ထရီမြို့ရှိ အရောင်းဆိုင်တစ်ခုမှ ပြီးခဲ့သော ဒီဇင်ဘာလ ၁၄ ရက်က ဝယ်ယူခဲ့သည်။

အဆိုပါကားမှာ Limited edition SUV ဖြစ်ပြီး ဗြိတိန်တွင် အစင်းရေ ၅၅၀ သာ ရောင်းချပေးခြင်း ဖြစ်သည်။

အဆိုပါ မော်ဒယ်တွင် ပေါင် ၁၀၀၀၀ တန်ကြေးရှိ Graphite ဘီးများ၊ High-tech interior နှင့် သီချင်းဖွင့်လျှင် ထိုင်ခုံများ တုန်ခါခြင်းကဲ့သို့ စိတ်ဝင်စားဖွယ် Feature များ ပါဝင်သည်။

မကြာသေးမီ ကာလများအတွင်း တန်ဖိုးကြီးကားများ ခိုးယူခံရမှု အလွန်များပြားနေသော ဗြိတိန်တွင် ဤကားကို သူခိုးတို့ မျက်စိကြလိမ့်မည်ဟု ဂျွန်က သိထားသည်။

သို့သော် အရောင်းဆိုင်က ၎င်းအား ပြောသည်မှာ JLR က လုံခြုံရေး အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသောကြောင့် ယခုကားမှာ ခိုးယူ၍ မရကြောင်း ပြောခဲ့သောကြောင့် ဂျွန်က ဝယ်ယူလာခဲ့သည်။

သို့သော် ဝယ်ယူလာပြီးနောက် နာရီ ၆၀ မပြည့်မီ အိမ်ရှေ့တွင် ရပ်ထားသော သူ၏ကားမှာ အခိုးခံလိုက်ရသည်။

(သူခိုးတစ်ဦးမှာ ယာဉ်မောင်းခုံတွင် ထိုင်နေပြီး အခြားတစ်ဦးကို ကားဘေးညာဘက်တွင် တွေ့ရသည်။)

(၁၅ မိနစ်အတွင်း သူခိုးများ ကားစက်နှိုးနိုင်ခဲ့ပြီး Range Rover ကို ဂျွန်၏ အိမ်ရှေ့မှ မောင်းထွက်သွားခဲ့ပုံအား CCTV မှတ်တမ်းအရ တွေ့ရသည်။)

(အိမ်နီးချင်းတစ်ဦး၏ CCTV မှတ်တမ်းအရ သူခိုး ၂ ဦးသည် ဂျွန်၏ နေအိမ်ရှိရာသို့ လမ်းလျှောက်လာခဲ့ပုံကို တွေ့ရသည်။)

(ဂျွန်က ၂၀၂၄ မော်ဒယ် Range Rover SV Edition One ကို ပေါင် ၁၈၃၀၀၀ (ကန်ဒေါ်လာ ၂၂၇၀၀၀) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)

 

နံနက် ၁ နာရီ မတိုင်မီ ဂျွန်၏ နေအိမ် လမ်းထိပ်သို့ ကားတစ်စီး ရောက်လာပြီး လူ ၃ ယောက်ကို ချပေးသွားသည်။

၂ ဦးမှာ ဂျွန်၏ နေအိမ်သို့ လမ်းလျှောက်လာပြီး ကျန်တစ်ဦးမှာ လမ်းထဲတွင် မတ်တပ်ရပ်ကာ စောင့်ကြည့်နေသည်။

ကားထဲသို့ ဝင်ရန်မည်သည့်နည်းပညာအသုံးပြုခဲ့သည်ကိုမူ မသိရချေ။

“ကျွန်တော်တို့က စိုက်ပျိုးရေးခြံတစ်ခုမှာ နေတာပါ။ လမ်းတစ်ဖက်က ဝင်ပြီး တစ်ဖက်က ပြန်ထွက်ရပါတယ်။ အရမ်းတိတ်ဆိတ်တဲ့နေရာဖြစ်ပြီး ယာဉ်ကြော မရှုပ်ပါဘူး။ ကျွန်တော် မနက် ၃ နာရီမှာ အိပ်ယာနိုးလာတော့ ကားခြေရာခံ ကုမ္ပဏီဆီကနေ Missed Call တွေ အများကြီး ဝင်ထားတာ တွေ့ရပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ ကျွန်တော့်ကား မရှိတော့ပါဘူး။”

 

(ကားသူခိုးများ မခိုးယူမီ ဂျွန်၏ Range Rover ရပ်နားထားခဲ့ပုံ။)

 

(၂၀၂၄ မော်ဒယ် Range Rover SV Edition One ၏ အတွင်းပိုင်း။)

 

(ခိုးယူခံရသော Luxury ကားများ အဓိက ရောက်ရှိသည့် နေရာများမှာ အရှေ့ဥရောပ၊ ရုရှား၊ ပိုလန်နှင့် ယူကရိန်းတို့ ဖြစ်သည်။)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: EXCLUSIVE Moment car gang drive off in owner's 'unstealable' £183k Range Rover - that he'd had for TWO days