Renault 5 နှင့် Alpine A290 တို့ ၂၀၂၅ ခုနှစ် Car of the Year အဖြစ် ရွေးချယ်ခံရ

  • 277 views

ပြင်သစ်ကားကုမ္ပဏီ Renault က ထုတ်လုပ်သည့် ကားမော်ဒယ်များဖြစ်သော Renault 5 နှင့် Alpine A290 ၂ ခုမှာ ၂၀၂၅ ခုနှစ် Car of the Year အဖြစ် ပူးတွဲရွေးချယ်ခံလိုက်ရသည်။

Renault သည် အဆိုပါ နှစ်စဉ်ပြိုင်ပွဲတွင် ၂ နှစ်ဆက်တိုက် အောင်ပွဲဆင်ခဲ့ခြင်းလည်း ဖြစ်သည်။

Renault 5 နှင့် Alpine A290 တို့သည် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ဒိုင်လူကြီး ၆၀ ဦးထံမှ အမှတ်ပေါင်း ၃၅၃ မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။

 

Renault 5/Alpine A290

Kia EV3 မှာ အမှတ်ပေါင်း ၂၉၁ မှတ်ဖြင့် Runner-up ရရှိခဲ့သည်။

၎င်းတို့၏နောက်တွင် Citron C3/e-C3 မှာ ၂၁၅ မှတ်၊ Hyundai Inster (၁၇၂ မှတ်)၊ Dacia Duster (၁၆၈ မှတ်)၊ Cupra Terramar (၁၆၅ မှတ်) နှင့် Alfa Romeo Junior (၁၃၆ မှတ်) တို့ အသီးသီး ရပ်တည်နေသည်။

ပြီးခဲ့သောနှစ်တွင် ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်မှာ Renault Scenic နှင့် Jeep Avenger တို့ ဖြစ်သည်။

 

Dacia Duster

၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်များတွင် Fiat က Punto ၊ Bravo/Brava မော်ဒယ်များဖြင့် ၂ နှစ်ဆက်တိုက် Winner ဖြစ်ခဲ့ပြီးနောက်ပိုင်း Renault က ၂ နှစ်ဆက်တိုက် Winner ရရှိသူ ဖြစ်လာသည်။

ဒိုင်အဖွဲ့ဝင် ၆၀ ဦးသည် ယခင်ပြက္ခဒိန်နှစ်ကုန် မတိုင်မီ ဈေးကွက်တွင် ရောင်းချခဲ့သော ကားသစ် မော်ဒယ် ၇ ခုစီကို nominate လုပ်ရသည်။

စုစုပေါင်းရမှတ်အများဆုံး ကားမော်ဒယ် ၇ ခုမှာ ဖိုင်နယ် shortlist သို့ ဝင်လာသည်။

 

Citroën C3/ë-C3

Car of the Year တွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ကားမော်ဒယ်တစ်ခုသည် အားလုံး အသစ်ဖြစ်ရန် လိုသည်။

မကြာသေးမီက ထွက်ရှိခဲ့သည့် Tesla Model 3 နှင့် Renault Clio တို့ကဲ့သို့ ရုပ်ပြောင်းများ ပါဝင်ခွင့် မရှိချေ။

မျိုးကွဲ derivative များမှာလည်း ပါဝင်ခွင့်မရှိ။

 

Kia EV3

Renault 5 နှင့် Alpine A290 တို့မှာ သီးခြားအမည်များဖြင့် Renault မှ ထုတ်လုပ်ထားခြင်းဖြစ်သော်လည်း Alpine A290 မှာ Renault 5 ကို အခြေပြုထားရာ အဆိုပါမော်ဒယ် ၂ ခုမှာ တစ်မျိုးတည်းအဖြစ် သုံးသပ်ခြင်း ခံရသောကြောင့် Car of the Year တွင်လည်း ပူးတွဲရရှိခဲ့ခြင်း ဖြစ်သည်။

Car of the Year 2025 ကို ဘရပ်ဆဲ နိုင်ငံတကာ ကားပြပွဲတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

 

Cupra Terramar

 

Renault 5 ကို ဆုရရှိစေခဲ့သည့်အချက်များမှာ-

● လက်တွေ့ဆန်ခြင်း
● ဈေးသက်သာခြင်း
● Performance ကောင်းခြင်း
● လျှပ်စစ်ကားဖြစ်ခြင်း (ဖိုင်နယ်သို့ ရောက်သည့်အများစုမှာ လျှပ်စစ်ကားများဖြစ်သည်)

 

Hyundai Inster

 

Alfa Romeo Junior

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Renault 5 named Car of the Year 2025 (autocar)