- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်မှ တစ်ပတ်ရစ်ကား တင်ပို့သည့်ဈေးကွက် ကြီးထွားလာနေပြီး အဓိကအားဖြင့် ဗဟိုအာရှနိုင်ငံများမှ ဝယ်လိုအားကြောင့်ဖြစ်
တရုတ်ပြည်မှ တစ်ပတ်ရစ်ကား တင်ပို့သည့်ဈေးကွက် ကြီးထွားလာနေပြီး အဓိကအားဖြင့် ဗဟိုအာရှနိုင်ငံများမှ ဝယ်လိုအားကြောင့်ဖြစ်
- 416 views
တရုတ်ပြည်၏ တစ်ပတ်ရစ်ကား တင်ပို့မှုမှာ လျင်မြန်စွာ တိုးတက်ကြီးထွားလာနေပြီး ဗဟိုအာရှမှာ ပင်မဈေးကွက် ဖြစ်လာနေသည်။
တရုတ်ပြည် အနောက်မြောက်ပိုင်းနှင့် ကာဇက်စတန်နိုင်ငံတို့ကို ဆက်သွယ်ပေးထားသော ကမ္ဘာ့အကြီးမားဆုံး ကုန်စည်စခန်းကြီးဖြစ်သည့် Khorgos Gateway သည် တရုတ်ပြည်မှ တစ်ပတ်ရစ်ကားများ တင်ပို့သည့် အဓိကနေရာတစ်ခု ဖြစ်လာနေကြောင်း ရှန်ဟိုင်းမြို့အခြေစိုက် တရုတ်နိုင်ငံပိုင် သတင်းမီဒီယာ Yicai Global က ယခုရက်သတ္တပတ် အစောပိုင်းတွင် ဖော်ပြသည်။
ပြီးခဲ့သောနှစ်အတွင်း ယခုကုန်စည်စခန်းကြီးမှတစ်ဆင့် မော်တော်ယာဉ်အစင်းရေ ၄၀၀၃၀၀ တင်ပို့ခဲ့ရာ ၆၀ ရာခိုင်နှုန်းမှာ လုပ်ငန်းသုံးယာဉ်များဖြစ်ကြောင်း Khorgos စီးပွားရေးဖွံ့ဖြိုးရေးဇုန်၏ အုပ်ချုပ်ရေးဗျူရိုမှ လက်ထောက်ညွှန်ကြားရေးမှူး Fu Lei က ပြောသည်။
ရထားလမ်းမှ ပို့ဆောင်မှုအပါအဝင် အဆိုပါကုန်စည်စခန်းမှ တင်ပို့ခဲ့သော လုပ်ငန်းသုံးယာဉ်ပမာဏမှာ အစင်းရေ ၄၀၀,၀၀၀ ကျော် ရှိသည်။
ထိုပမာဏမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် အစင်းရေ ၁၀၀,၀၀၀ ကျော် မြင့်တက်လာသည်။
Yicai Global ၏ ဖော်ပြချက်အရ တင်ပို့ခဲ့သော ကားများအနက် အများစုမှာ တစ်ပတ်ရစ်ကားများဖြစ်သည်ဟု ဆိုသည်။
ယခင်က အထွေထွေကုန်သွယ်မှုနှင့် engineering ဆိုင်ရာ ပစ္စည်းအစိတ်အပိုင်းများသာ အဓိကထားခဲ့ သော်လည်း တရုတ်ပြည်မှ ကားထုတ်လုပ်သူတို့က ဥဇဘက်ကစ္စတန်ကဲ့သို့ ဗဟိုအာရှနိုင်ငံများ ဈေးကွက်ကို ပစ်မှတ်ထားလာပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကတည်းက တစ်ပတ်ရစ်ကားများ တင်ပို့မှု များပြားလာခဲ့သည်။
တရုတ်ပြည်မှ ကားအမှတ်တံဆိပ်များ၊ ပြည်ပ ကုန်သည်များနှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများမှာ Khorgos သို့ အလုံးအရင်းရောက်လာကြပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသည်။
((တစ်ပတ်ရစ်ကားတွေ ဘာကြောင့် ဝယ်လိုအားကောင်းနေတာလဲ))
တစ်ပတ်ရစ်ကားများ ပြည်ပသို့ တင်ပို့မှု မြင့်မားလာရခြင်းမှာ တရုတ်အစိုးရ၏ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းစနစ်များ တိုးတက်ပြောင်းလဲလာသောကြောင့် ဖြစ်သည်။
တရုတ်ပြည်တစ်ဝန်းလုံးတွင် ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်ကာ တစ်ပတ်ရစ်ကားများ တင်ပို့မှု ခြေလှမ်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိလာသည်။
တရုတ်အာဏာပိုင်တို့က မော်တော်ယာဉ် လွှဲပြောင်းမှု မှတ်ပုံတင်ခြင်းနှင့် လိုင်စင်လျှောက်ထားမှု လုပ်ငန်းစဉ်များကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်ပေးလာနေသည်။
ဒေသအုပ်ချုပ်ရေးအဖွဲ့များကလည်း စီးပွားရေးလုပ်ငန်းများကို ကမ္ဘာနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်စေရန် ထောက်ပံ့ကူညီသည့် အစီအစဉ်များ ချမှတ်လာသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: China's used car exports surge, driven by demand from Central Asia