ကမ္ဘာ့အရောင်းရဆုံး ထိပ်တန်း ကားကုမ္ပဏီ (၅) ခုက ဘာတွေလဲ

  • 842 views


ပြီးခဲ့သောနှစ်အတွင်း ကားနယ်ပယ်တွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသည်။

EV များ အရောင်းကျဆင်းမှုမှသည် အမေရိကန်ကားစက်ရုံများတွင် ဆန္ဒပြမှုများအထိ ရင်ဆိုင်ခဲ့ရပြီး ထိုဖြစ်ရပ်များကြောင့် Supply Chain တွင် အခက်ကြုံကာ ပစ္စည်းဈေး မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ကားနှင့် လုပ်ငန်းသုံးယာဉ်များ၏ ရောင်းအားမှာမူ အစင်းရေ သန်း ၉၀ အထိ မြင့်တက်ခဲ့သည်။

အိန္ဒိယမှာ အပေါ့စားယာဉ်များအတွက် ကမ္ဘာ့စတုတ္ထအကြီးမားဆုံးဈေးကွက်ဖြစ်လာခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် လျှပ်စစ်ကား ရောင်းအားမှာ ၁၆ ရာခိုင်နှုန်းမြင့်တက်လာမည်ဟု ခန့်မှန်းရသည်။

တရုတ်ပြည်တွင်မူ ရောင်းအားတိုးတက်မှု ၁၁ ဒသမ ၁ ရာခိုင်နှုန်းရှိမည်ဟု မျှော်မှန်းထားကြသည်။

တရုတ်ပြည်သည် ကမ္ဘာ့လျှပ်စစ်ကား အရောင်းဈေးကွက်တွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိနေသည်။

အောက်တွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ထိပ်တန်း အရောင်းရဆုံး ကားအမှတ်တံဆိပ် ၅ မျိုးကို ဖော်ပြထားပါသည်။

 

 

(၅) Hyundai Motor ကုမ္ပဏီ

 

 


၂၀၂၃ ခုနှစ် ရောင်းအား- အစင်းရေ ၄ ဒသမ ၂၂ သန်း


တောင်ကိုရီးယား ကားကုမ္ပဏီဖြစ်သော Hyundai Motor သည် ၂၀၂၃ ခုနှစ်အတွင်း အလွန် အခြေအနေကောင်းခဲ့သည်။

ကမ္ဘာတဝန်းတွင် အစင်းရေ ၄,၂၁၆,၆၈၀ ရောင်းချခဲ့ရရာ ၂၀၂၂ ခုနှစ် ရောင်းအားထက် ၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အတိုးနှုန်းမြင့်တက်မှုနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေ မရေရာလှသော်လည်း Hyundai မှာ လုပ်ငန်းအခြေအနေကောင်းခဲ့ပြီး အထူးသဖြင့် ကိုရီးယား၊ မြောက်အမေရိက၊ ဥရောပနှင့် အိန္ဒိယတို့တွင် ဖြစ်သည်။

Hyundai မှ အသစ်ထုတ်သော SUV များဖြစ်သည့် Kona နှင့် SANTA FE တို့ကြောင့် ရောင်းအားကောင်းခဲ့သည်။

ထို့အပြင် လျှပ်စစ်ကားနယ်အထိ ချဲ့ထွင်လုပ်ကိုင်လာနေသည်။

ကိုရီးယားတွင် အစင်းရေ ၇၆၂,၀၇၇ ရောင်းချခဲ့ရကာ နှစ်အလိုက်နှိုင်းယှဉ်လျှင် ရောင်းအား ၁၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ပြည်ပတွင် ရောင်းချရမှုမှာ အစင်းရေ ၃,၄၅၄,၆၀၃ ဖြစ်ကာ ၂၀၂၂ ခုနှစ်ထက် ရောင်းအား ၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

 

 

(၄) Ford Motor ကုမ္ပဏီ

 

 

 

၂၀၂၃ ခုနှစ် ရောင်းအား- အစင်းရေ ၄ ဒသမ ၄၁ သန်း


အမေရိကန်ပြည်ထောင်စု၊ မီချီဂန်အခြေစိုက် Ford Motor သည် ၂၀၂၃ ခုနှစ်အတွင်း အခြေအနေ အလွန်ကောင်းခဲ့သည်။

ဝင်ငွေ ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စုစုပေါင်း ၁၇၆ ဘီလီယံအထိ ဝင်ငွေရှိခဲ့သည်။

အသားတင်ဝင်ငွေမှာလည်း ကြီးမားစွာတွေ့မြင်ရပြီး ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ ရှိခဲ့သည်။

 

(၃) General Motor ကုမ္ပဏီ

 

 

၂၀၂၃ ခုနှစ် ရောင်းအား- အစင်းရေ ၆ ဒသမ ၁၉ သန်း


အမေရိကန်ပြည်ထောင်စု၊ ဒက်ထရွိုက်အခြေစိုက် GM သည် Chevrolet, GMC,Cadillac နှင့် Buick တို့ကဲ့သို့ နာမည်ကြီးအမှတ်တံဆိပ်များ ထုတ်လုပ်လျက်ရှိပြီး အမေရိကန်ဈေးကွက်တွင် ပဓာနအရေးပါသော ကုမ္ပဏီကြီး ဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဈေးကွက်တစ်ခုတည်းတွင်ပင် GM ၏ ရောင်းအား အစင်းရေ ၂ ဒသမ ၆ သန်း ရှိခဲ့သည်။

၂၀၂၂ ခုနှစ်ထက် ရောင်းအား ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
Buick ၏ ရောင်းအားမှာ ၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး Encore GX SUV ၏ ရောင်းအားမှာ ၉၂ ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့သည်။

 

(၂) Volkswagen AG

 

 


၂၀၂၃ ခုနှစ်ရောင်းအား- အစင်းရေ  ၉ ဒသမ ၂၄ သန်း


ဂျာမနီကားထုတ်လုပ်သူ Volkswagen AG သည် မော်တော်ဆိုင်ကယ်မှသည် ကားအထိ ယာဉ်မျိုးစုံ ထုတ်လုပ်သည်။

၂၀၂၃ ခုနှစ်အတွင်း ဥရောပတွင် အလွန်အလုပ်ဖြစ်ခဲ့ပြီး ယာဉ်အစင်းရေ ၃,၇၇၄,၅၀၀ ရောင်းချခဲ့ရကာ ယင်းအနက် လျှပ်စစ်ကား များစွာပါဝင်သည်။

အနောက်ဥရောပတွင် Volkswagen သည် အစင်းရေ ၃,၂၇၁,၀၀၀ ရောင်းချခဲ့ရပြီး ရောင်းအား ၂၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဂျာမနီပြည်တွင်းတွင် အစင်းရေ ၁,၁၈၅,၁၀၀ ၊ အရှေ့နှင့် ဗဟိုဥရောပတို့တွင် အစင်းရေ ၅၀၃,၅၀၀၊ မြောက်အမေရိကတွင် အစင်းရေ ၉၉၃,၁၀၀ အထိ ရောင်းချခဲ့ရသည်။

 

 

(၁) Toyota Motor ကော်ပိုရေးရှင်း

 

 

၂၀၂၃ ခုနှစ်ရောင်းအား- အစင်းရေ ၁၁ ဒသမ ၂ သန်း


Toyota Motor ကော်ပိုရေးရှင်းသည် ဂျပန်နိုင်ငံ Toyota City တွင် အခြေစိုက်သည်။

ကိအိချိရို တိုယိုဒက ၁၉၃၇ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
Toyota သည် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် အရောင်းရဆုံးအဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်နေသည်။

Toyota နှင့် Lexus တို့၏ ၂၀၂၃ ခုနှစ်ရောင်းအားမှာ ၁၀ ဒသမ ၃ သန်းရှိခဲ့ရာ ၂၀၂၂ ခုနှစ်ရောင်းအားထက် ၇ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ကျန်ရောင်းအားပမာဏမှာ Daihatsu နှင့် Hino တို့၏ ရောင်းအား ဖြစ်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 5 Best Selling Car Brands in the World (insidermonkey)