- Home
- Car News
- နယူးယောက်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရသူ Beatles အဆိုတော် ဂျွန်လင်နွန်စီးခဲ့သော ကားများ
နယူးယောက်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရသူ Beatles အဆိုတော် ဂျွန်လင်နွန်စီးခဲ့သော ကားများ
- 165 views
(ဂျွန်လင်နွန် လုပ်ကြံသတ်ဖြတ်ခံရခြင်း)
အချိန်ကား ၁၉၈၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၈ ရက်၊ ညနေ ၅း၀၀။
နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်၊ အနောက် ၇၂ လမ်းရှိ The Dakota အမည်ရှိ လူနေတိုက်ခန်း အဆောက်အအုံကြီးရှေ့တွင် ဖြစ်သည်။
Beatles အဖွဲ့ကြီး၏ အဆိုတော် ဂျွန်လင်နွန်သည် သူ့ပရိသတ်တစ်ဦးဖြစ်သူ မာ့ခ် ဒေးဗစ် ချက်ပ်မန်းဆိုသူကို Double Fantasy ဆိုသော သီချင်းခွေ လက်မှတ်ထိုးပေးနေ၏။
(မှတ်ချက်။ Double Fantasy သည် ဂျွန်လင်နွန် မသေဆုံးမီ နောက်ဆုံးသီဆိုထုတ်လုပ်သွားသော သီချင်းခွေ ဖြစ်ပြီး ဇနီးဖြစ်သူ ယိုကို အိုနိုနှင့် ပူးတွဲသီဆိုထားခြင်းဖြစ်ကာ သီချင်း ၁၄ ပုဒ် ပါဝင်သည်။ တိပ်ခွေ၏ Side A တွင် ၇ ပုဒ်ပါပြီး Side B တွင် ၇ ပုဒ်ပါသည်။ထိုတေးအယ်လ်ဘမ်သည် သူ၏ အရောင်းရဆုံးဖြစ်ပြီး ၁၉၈၁ ခုနှစ် တွင် ဂီတ၏ အော်စကာဆုဖြစ်သော ဂရမ်မီဆု ရရှိခဲ့သည်။)
ဂျွန်လင်နွန်သည် ချက်ပ်မန်းကို သီချင်းခွေ လက်မှတ်ထိုးပေးပြီးသောအခါ လော့စ်အိန်ဂျလိမြို့၊ Sycamore Ave လမ်းရှိ Record Plant အသံဖမ်းစတူဒီယိုသို့ သွားကာ အသံသွင်းခဲ့သည်။
အသံသွင်းမှုပြီးစီးချိန်တွင် ဂျွန်လင်နွန်နှင့် အိုနိုတို့စုံတွဲ ၎င်းတို့၏ တိုက်ခန်းရှိရာ The Dakota သို့ Limousine ကားဖြင့် ပြန်လာခဲ့ရာ ည ၁၀ နာရီ ၅၀ ဝန်းကျင်ခန့်တွင် ပြန်လည်ရောက်ရှိခဲ့သည်။
ဂျွန်လင်နွန်တို့စုံတွဲ ကားထဲမှ ထွက်ကာ အဆောက်အအုံ၏ အမိုးခုံးစင်္ကြန်လမ်းအတိုင်း လျှောက်လာစဉ် ညနေက သီချင်းခွေ လက်မှတ်ထိုးခဲ့သူ ချက်ပ်မန်းက သေနတ်ဖြင့် ဂျွန်လင်နွန်၏ ကျောကို ၂ ကြိမ်၊ ပုခုံးကို ၂ ကြိမ် အနီးကပ်ပစ်ခဲ့သည်။
ဂျွန်လင်နွန်အား ရဲတပ်ဖွဲ့၏ ကားတစ်စီးဖြင့် Roosevelt ဆေးရုံ အရေးပေါ်ခန်းသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံသို့ရောက်ချိန် ည ၁၁း၁၅ အချိန်တွင် သေဆုံးကြောင်း ကြေညာခဲ့သည်။
၂၀ ရာစု၏ အရေးပါဆုံး ဂီတကြယ်ပွင့်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ ဂျွန်လင်နွန်နှင့် Beatles ၏ သီချင်းများကို ကမ္ဘာမြေပေါ်တွင် လူတိုင်းလိုသိကြသည့်နည်းတူ ကားများနှင့် စပ်လျဉ်းပြီး သူ၏ ထူးခြားသော အကြိုက်ကိုလည်း သိရှိသူများခဲ့သည်။
အောက်တွင် ဂျွန်လင်နွန်စီးခဲ့သော ကားများအနက် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး၊ အထူးခြားဆုံး ကားများအကြောင်း ဖော်ပြသွားပါမည်။
(1979 Mercedes-Benz 300TD Wagon )
ဤကားမှာ ဂျွန်လင်နွန် နောက်ဆုံးစီးခဲ့သော ကားဖြစ်ပြီး မကွယ်လွန်မီတွင် နေ့စဉ် အသုံးပြုခဲ့သည်။
အဆိုပါကားကို ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလအတွင်းက ဒေါ်လာ ၃၁၉၀၀ ဖြင့် လေလံတင် ရောင်းချခဲ့ဖူးသည်။
(1956 Bentley S1 )
ဂျွန်လင်နွန်၏ ပိုင်ဆိုင်ခဲ့ဖူးသော ကားများတွင် 1956 Bentley S1 လည်း ပါဝင်ခဲ့သည်။
သို့သော် ဤကားကို အခြားသော Beatles အဖွဲ့သားအားလုံးလည်း ပိုင်ဆိုင်သည်ဟု ဆိုနိုင်သည်။
(၁၉၆၉ ခုနှစ်ထုတ် Honda Monkey မော်တော်ဆိုင်ကယ်)
ဂျွန်လင်နွန်သည် အများစု သိရှိထားသည့်အချက်များအရ မော်တော်ဆိုင်ကယ်ရူးသွပ်သူ တစ်ဦးမဟုတ်။
သို့သော် သူ၏ ၇၂ ဧကကျယ်ဝန်းသော ခြံဝန်းအတွင်း သွားလာနိုင်ရန် ၁၉၆၉ ခုနှစ်ထုတ် Honda Monkey မော်တော်ဆိုင်ကယ်တစ်စီး ပိုင်ဆိုင်ခဲ့သည်။
မူလအနေအထားနီးပါးအတိုင်း ရှိနေဆဲဖြစ်သော အဆိုပါ ဆိုင်ကယ်ကို ၂၀၁၈ ခုနှစ်အတွင်း ပေါင် ၅၆၂၅၀ (ကန်ဒေါ်လာ ၇၃၀၀၀) ဖြင့် လေလံပွဲတွင် ရောင်းထွက်သွားခဲ့သည်။
(ဆက်စပ်သတင်း)
သမိုင်းတလျှောက် အကြီးမြတ်ဆုံး အဆိုတော်များတွင် ပါဝင်သူ ဂျွန်လင်နွန် စီးခဲ့သောကားများ
https://www.imyanmarhouse.com/news/read/1084612
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: On His Birthday, Here Are 5 of John Lennon’s Most Interesting Rides (thedrive)