• Home
  • Car News
  • လီယိုနာဒို ဒီကာပရီယို လန်ဒန်သို့ ရောက်ရှိချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှဲရန် သံတမန်တစ်ဦး၏ ကားဖြင့် သွားလာခဲ့

လီယိုနာဒို ဒီကာပရီယို လန်ဒန်သို့ ရောက်ရှိချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှဲရန် သံတမန်တစ်ဦး၏ ကားဖြင့် သွားလာခဲ့

  • 277 views

 

အော်စကာဆုရှင် ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယိုသည် လန်ဒန်မြို့သို့ ရောက်ချိန်တွင် လန်ဒန်၏ ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှဲရန် တမူထူးသော နည်းလမ်းကို အသုံးပြုခဲ့ကြောင်း Daily Mail သတင်း တစ်ရပ်တွင် ဖော်ပြသည်။

လန်ဒန်မြို့လူဦးရေ ၈ ဒသမ ၉ သန်းသည် ပိတ်ဆို့နေသော ယာဉ်ကြောများထဲတွင် စိတ်ပျက်လက်ပျက် ထိုင်နေကြရချိန်မျိုး၌ လီယိုနာဒို ဒီကာပရီယိုသည် မကြာသေးမီ ရက်သတ္တပတ်များက လန်ဒန်မြို့တခွင် သွားလာရာတွင် လွယ်ကူလျင်မြန်မှုရှိစေရန် သံတမန်ကားတစ်စင်းကို အသုံးပြုခဲ့ကြောင်း The Sun သတင်းတစ်ရပ်က ဖော်ပြသည်။

သံတမန်တစ်ဦးပိုင်သော ကားကို အသုံးပြုခဲ့ခြင်းကြောင့် အသက် ၄၈ နှစ်အရွယ်ရှိ ဒီကာပရီယိုသည် အများစုလိုက်နာရသော ယာဉ်အမြန်နှုန်းစည်းမျဉ်း ၊ ကန့်သတ်ချက်များကို လိုက်နာစရာ မလိုတော့ချေ။

စင်စစ်ကား သံတမန်ကားများသည်လည်း ဗြိတိန်၏ ဥပဒေစည်းနှောင်မှုများအောက်တွင် ရှိသည်။ 

သို့သော် ထိုကားများ လမ်းစည်းကမ်းချိုးဖောက်မှု ဖြစ်ပွားသောအခါမျိုးတွင် ရဲတပ်ဖွဲ့က လစ်လျူရှုပေးလေ့ရှိပြီး မောင်းသောယာဉ်မောင်းများကိုလည်း သံတမန်ကင်းလွတ်ခွင့်က အကာအကွယ်ပေးထားသည်။

လီယိုနာဒို ဒီကာပရီယိုသည် လန်ဒန်မြို့တွင် သွားလာရာ၌ အိုင်ဗရီကို့စ် သံတမန်တစ်ဦးပိုင်သော ပေါင် ၈၀၀၀၀ တန် အပြာရောင်တောက်တောက် Range Rover ကားကို အသုံးပြုခဲ့သည်ဟု ဆိုသည်။

 

 

 

(အော်စကာဆုရှင် ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယိုသည် လန်ဒန်မြို့သို့ ရောက်ချိန်တွင် လန်ဒန်၏ ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှဲရန် တမူထူးသော နည်းလမ်းကို အသုံးပြုခဲ့သည်)

 

 

(လန်ဒန်မြို့လူဦးရေ ၈ ဒသမ ၉ သန်းသည် ပိတ်ဆို့နေသော ယာဉ်ကြောများထဲတွင် စိတ်ပျက်လက်ပျက် ထိုင်နေကြရချိန်မျိုး၌ လီယိုနာဒို ဒီကာပရီယိုသည် မကြာသေးမီ ရက်သတ္တပတ်များက လန်ဒန်မြို့တခွင် သွားလာရာတွင် လွယ်ကူလျင်မြန်မှုရှိစေရန် သံတမန်ကားတစ်စင်းကို အသုံးပြုခဲ့ကြောင်း The Sun သတင်းတစ်ရပ်က ဖော်ပြသည်။)

 

 

သတင်းရင်းမြစ်တစ်ခုက Daily Mail သတင်းဌာနသို့ ပြောသည်မှာ “လီယိုမှာက ထိပ်တန်းအလွှာတွေမှာ မိတ်ဆွေတွေရှိတယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပါဘူး။ သူ့လို အဆင့်အတန်းမျိုးမှာက အဆက်အသွယ် ကောင်းတွေ ရှိပါတယ်။ သံတမန်ကားတိုင်းက နံပါတ်ပြားမှာတင် ထူးခြားကွဲထွက်နေပါတယ်။ ဒီကားတွေက သံတမန်ကင်းလွတ်ခွင့်ရှိတာကြောင့် သတ်မှတ်မြန်နှုန်းထက်ကျော်လွန်တာ၊ မီးနီဖြတ်မောင်းတာတွေအတွက် ပြဿနာမရှိဘူး”ဟု ဆိုသည်။

“သူ့ကို Chiltern Firehouse ဟိုတယ်မှာ ချထားပေးခဲ့တယ်။ ပြီးတော့ ပြန်လာခေါ်သွားပါတယ်”

လီယိုနာဒို ဒီကာပရီယိုသည် ပြီးခဲ့သော စနေနေ့က လန်ဒန်မြို့၊ Chiltern Firehouse တွင် ထိပ်တန်းမော်ဒယ် များဖြစ်သော Georgia Grace Martin ၊ Nour Rizk တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ သံတမန်ကားဖြင့် သွားလာမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

 

 

 

ဒီကာပရီယိုသည် ထိုဟိုတယ်သို့ လာရောက်ရာတွင် လူသိထင်ရှားမရှိစေရန်အတွက် အနက်ရောင် mask တပ်ဆင်လာခဲ့ပြီး LA Laker ဘေ့စ်ဘောဦးထုပ်ဆောင်းထားခဲ့သည်။

ဒီကာပရီယိုသည် ထသွားထလာ ဝတ်စုံမျိုးဝတ်ဆင်ထားပြီး အနက်ရောင် သားရေဂျာကင်၊ ဂျင်းဘောင်းဘီ၊ သာမန်တီရှပ်တို့ ဝတ်ဆင်လာခဲ့သည်။

လီယိုနာဒို ဒီကာပရီယိုသည် စပိန်နိုင်ငံ၊ မြေထဲပင်လယ်မှ ကျွန်းတစ်ကျွန်းဖြစ်သော Ibiza တွင် အသက် ၂၅ နှစ်အရွယ်ရှိ အီတလီမော်ဒယ် Vittoria Ceretti နှင့် လူမြင်ကွင်းတွင် နမ်းခဲ့ကြမှုမှာ လူပြောများခဲ့ပြီးနောက်ပိုင်း ယခုဖြစ်ရပ်ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

 

 

(လန်ဒန်မြို့ရှိ Chiltern Firehouse ဟိုတယ်သို့ သံတမန်ကားဖြင့် ရောက်ရှိလာသော လီယိုနာဒို ဒီကာပရီယို သည် လူအများ မမှတ်မိစေရန် အနက်ရောင် mask တပ်ဆင်ကာ LA Laker ဘေ့စ်ဘော ဦးထုပ် ဆောင်းထားသည်ကို တွေ့ရပုံ)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Leonardo DiCaprio 'travels around London in this unusual luxury transport in a bid to avoid traffic'  (dailymail)