• Home
  • Car News
  • အကြွေးဆပ်ရန်အတွက် အိမ်မငှားဘဲ ကားပေါ်တွင်သာ ၈ နှစ်ကြာ နေထိုင်သော အမေရိကန်က ကားပြင်ဆရာ

အကြွေးဆပ်ရန်အတွက် အိမ်မငှားဘဲ ကားပေါ်တွင်သာ ၈ နှစ်ကြာ နေထိုင်သော အမေရိကန်က ကားပြင်ဆရာ

  • 364 views

 

အမေရိကန်မှ အမျိုးသားတစ်ဦးသည် ဘဝသက်တောင့်သက်သာရှိမှုများကို နှစ်အနည်းငယ် စွန့်လွှတ်စတေးကာ ဆင်းရဲဒုက္ခခံခဲ့ပြီးနောက်ပိုင်း တသက်တာလုံး အေးအေးချမ်းချမ်းနေနိုင်မည့် ဘဝအခြေအနေ ပိုင်ဆိုင်သွားခဲ့သည်။

အမေရိကန်ပြည်၊ အရီဇိုးနားပြည်နယ်တွင် နေထိုင်သော နီကိုလပ်စ် ဘားဝါ (Nicholas Bauer) ဆိုသူက ပြောသည်မှာ အသက် ၂၀ ကျော်ကာလများအတွင်း ငွေကုန်ကြေးကျသက်သာစေရန် ဆင်းရဲကြမ်းတမ်းစွာ ဘဝဖြတ်သန်းနေထိုင်ခဲ့ကြောင်း ၊ အကြွေးအားလုံး ပြန်ဆပ်နိုင်ရန်အတွက် ကားများပေါ်တွင်သာ နေထိုင်ခဲ့ကြောင်း ပြောသည်။

“အိမ်ငှားခ ပေးဖို့မလို ၊ ရေဖိုးမီးဖိုး အထွေထွေစရိတ်တွေ ပေးဖို့မလိုတဲ့အခါမှာ ငွေက တပုံတပင်ပိုလာခဲ့ ပါတယ်”ဟု နီကိုလပ်စ်က ပြောသည်။

အသက် ၃၂ နှစ်အရွယ်ရှိ နီကိုလပ်စ် ဘားဝါသည် Big Super Living In Arizona အနီးရှိ ရုပ်သံအစီအစဉ်၏ နောက်ဆုံးအပိုင်းတွင် ဖော်ပြခံခဲ့ရသည်။

 

 

အဆိုပါ ရုပ်သံအစီအစဉ်သည် အမေရိက၏ ကုန်ကျစရိတ်အသက်သာဆုံး နေထိုင်မှုများကို တင်ပြခြင်း ဖြစ်သည်။

ထိုရုပ်သံအစီအစဉ်တွင် နီကိုလပ်စ်က ပြောခဲ့သည်မှာ ငွေကြေးများစွာ စုဆောင်းမိခဲ့ခြင်းကြောင့် အိမ်တစ်လုံး လက်ငင်း ဝယ်နိုင်ခဲ့ကြောင်း ၊ အိမ်ခြံမြေကြွေးမြီဆပ်ရန် အလုပ်တစ်ခုအပေါ် မှီခိုနေရန် မလိုတော့ကြောင်း ပြောသည်။

သူသည် ၂၀၁၅ ခုနှစ်က ကားပြင်ဆရာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး တစ်နာရီလျှင် ၁၁ ဒသမ ၅၀ ဒေါ်လာ ရရှိကြောင်း ၊ ထိုအချိန်ကတည်းက ကားများပေါ်တွင်သာ စတင်နေထိုင်ခဲ့ကြောင်း နီကိုလပ်စ်က ပြောသည်။

ထိုကာလက သူ့တွင် များပြားစွာ ကြွေးတင်နေခဲ့ကြောင်းလည်း နီကိုလပ်စ်က ပြောသည်။

ထို့နောက် အဖြေတစ်ခုရှာဖွေကာ ကားများပေါ်တွင် နေထိုင်ပြီး တစ်သက်တာလုံး အကြွေးကင်းသည့် ဘဝပုံစံဖြင့် နေထိုင်သွားရန် ဆုံးဖြတ်ခဲ့သည်။

နီကိုလပ်စ်က အထက်တန်းကျောင်းသားဘဝကတည်းက စီးခဲ့သော Dodge Dakota ထရပ်ကားကြီးကို သူ၏ အလုပ်မှ ကားပါးကင်နေရာတွင် ရပ်ထားပြီး စခန်းချ အမိုးတစ်ခုလည်း ပြုလုပ်ထားသည်။

 

 


(နီကိုလပ်စ်ဘားဝါသည် အကြွေးဆပ်ရန်အတွက် ကားများပေါ်တွင်သာ နေထိုင်ခဲ့သည်။ ဓာတ်ပုံ- YouTube)

 

 

(နီကိုလပ်စ်သည် ယခုအခါ ၂ ဧကကျယ်သော ခြံဝန်းတစ်ခုအတွင်း နေထိုင်လျက်ရှိပြီး ထိုနေရာကို ငွေသားဖြင့် ပေးချေကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-YouTube)

နီကိုလပ်စ်၏ သူဌေးက ကုမ္ပဏီဝန်းအတွင်း ကားဖြင့် စခန်းချနေထိုင်မှုကို ခွင့်ပြုပေးခဲ့သည်။

နောက်ပိုင်းတွင် နီကိုလပ်စ်က 404 Series Unimog အမျိုးအစား ထရပ်ကားသို့ ပြောင်းရွှေ့အခြေချခဲ့သည်။

ထိုကားတွင်မူ အိပ်ယာတစ်ခု ၊ သစ်ကြမ်းခင်း ၊ လက်မ ၄၀ ရုပ်မြင်သံကြားစက်နှင့် အင်တာနက်တို့ ပါဝင်သည်။

ကားပေါ်တွင် မရှိသည်ကား ရေချိုးခန်း ဖြစ်သည်။

ထို့ကြောင့် နီကိုလပ်စ်အနေဖြင့် အပေါ့သွားလိုလျှင် ရေသန့်ဘူးဖြင့် သွားရသည်။

 အလုပ်တွင်သာ အိမ်သာတက်နိုင်သည်။

 

 

(နီကိုလပ်စ်ကို သူ၏ ကားများအနက်မှ တစ်စင်းနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-YouTube)

 

 

(နီကိုလပ်စ်၏ ချစ်သူ မိန်းကလေး ကိုယ်ဝန်ရလာချိန်တွင် တစ်နေရာရာတွင် အမြဲအခြေချနေထိုင်ရန် အချိန်ကျပြီဖြစ်ကြောင်း သိလိုက်ကြသည်။ ဓာတ်ပုံ-YouTube)

 

 

(နီကိုလပ်စ်သည် ရွေ့လျားအိမ်တစ်လုံးတွင် ချစ်သူမိန်းကလေး ၊ သမီးဖြစ်သူတို့နှင့်အတူ နေထိုင်သည်။ ဓာတ်ပုံ-YouTube)

 

 

 

(ယခုအခါ နီကိုလပ်စ်သည် ငွေအကြေချေကာ ဝယ်ယူထားသော မြေကွက်ပေါ်တွင် နေထိုင်လျက်ရှိသည်။ ဓာတ်ပုံ-YouTube)

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  I lived in cars for 8 years in order to become debt-free — now, I never have to work again  (nypost)