- Home
- Car News
- ဒေးဗစ်ဘက်ခမ်းက ကိုယ်တိုင်ဒီဇိုင်းရေးဆွဲပေးကာ အထူးအော်ဒါမှာယူခဲ့သော Maserati ပြိုင်ကားကို ထုတ်ပြ
ဒေးဗစ်ဘက်ခမ်းက ကိုယ်တိုင်ဒီဇိုင်းရေးဆွဲပေးကာ အထူးအော်ဒါမှာယူခဲ့သော Maserati ပြိုင်ကားကို ထုတ်ပြ
- 99 views
ဒေးဗစ်ဘက်ခမ်းသည် အထူးထုတ်လုပ်ထားသော Maserati ပြိုင်ကားနှင့်အတူ ယှဉ်တွဲဓာတ်ပုံအရိုက်ခံခဲ့သည့် ဓာတ်ပုံပေါ်ထွက်လာပြီး ကားဈေးနှုန်းမှာ အလွန်မြင့်မားလှသည်။
အင်္ဂလန်အသင်းနှင့် မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ဟောင်း ဘက်ခမ်းသည် ပြီးခဲ့သောရက်ပိုင်းက Maserati ၏ အင်္ဂလန်ပြခန်း ဖွင့်လှစ်မှု ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
(ဒေးဗစ်ဘက်ခမ်းကို Maserati ၏ ဗြိတိန် ပြခန်းဖွင့်လှစ်သည့် အခမ်းအနားတွင် တွေ့ရပုံ။ ဓာတ်ပုံ-Dave Benett)
(ဘက်ခမ်းကို Maserati မှ အထူးထုတ်လုပ်ထားသော GranTurismo ကားဖြင့် တွေ့ရပုံ။ ဓာတ်ပုံ-James Lipman)
ဘက်ခမ်းသည် Maserati ၏ ကမ္ဘာလုံးဆိုင်ရာ သံတမန်တစ်ဦးဖြစ်သည်။
အင်္ဂလန်နိုင်ငံ ဟက်ဖို့ရှိုင်းယားခရိုင် ၊ ဟက်ဖီးမြို့တွင် ကျင်းပသော ညစာစားပွဲသို့ ဧည့်ပရိသတ် ၁၀၀ ကျော် တက်ရောက်ခဲ့ရာ ဘက်ခမ်းလည်း ပါဝင်ခဲ့ပြီး အနက်ရောင် ဝတ်စုံဖြင့် ရောက်ရှိလာခဲ့သည်။
Maserati ကို လူသိများအောင် လုပ်ဆောင်ပေးခဲ့မှုအတွက် ကျေးဇူးတင်သည့်အနေဖြင့် Maserati ကုမ္ပဏီက ညစာစားပွဲတွင် ဘက်ခမ်းကို ကားတစ်စီးလက်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
၂၀၂၃ ခုနှစ်ထုတ် GranTurismo တစ်စီး၏ လက်လီဈေးမှာ ပေါင် ၁၅၉၀၀၀ ဝန်းကျင်ရှိသည်။
ဘက်ခမ်းသည် ၂၀၂၂ ခုနှစ်ထုတ် MC20 တစ်စင်း ၊ ၁၉၈၆ ခုနှစ်ထုတ် Quattroporte Royale နှင့် ၁၉၆၇ ခုနှစ်ထုတ် Ghibli တို့အပြင် ဒေါ်လာသန်းပေါင်းများစွာရှိ မော်တော်ကားအများအပြား ပိုင်ဆိုင်ထားသည်။
ဘက်ခမ်းသည် MC20 ဒီဇိုင်းရေးဆွဲရာတွင် ပါဝင်ခဲ့ပြီး အထူးထုတ်လုပ်ထားသော ထိုကားတစ်စီးလည်း ပိုင်ဆိုင်ထားကာ တန်ကြေးမှာ ပေါင် ၂၂၀၀၀၀ ကျော် ရှိသည်။
ဗြိတိန်ပြခန်းဖွင့်ပွဲတွင် ဘက်ခမ်းက ပြောခဲ့သည်မှာ “Maserati ရဲ့ ဗြိတိန်ပထမဆုံး ပြခန်းသစ် ဖွင့်လှစ်မှုကို အကူအညီပေးဖို့ တက်ရောက်ခဲ့ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်”ဟု ပြောသည်။
အဆိုပါ ကားပြခန်းတွင် တစ်ကြိမ်လျှင် ကား ၅ စင်းပြသမည်ဖြစ်ပြီး အမြဲပြောင်းလဲ ပြသမည်ဖြစ်ကာ ဖောက်သည်များအတွက် နားနေရာ နေရာတစ်ခုလည်း ထားရှိပေးသည်။
(ဘက်ခမ်းနှင့် ပေါင် ၂၀၀၀၀၀ တန် မော်တော်ကား။ ဓာတ်ပုံ-James Lipman)
(Maserati ၏ ပထမဆုံးဗြိတိန်ပြခန်း ဖွင့်ပွဲသို့ ဒေးဗစ်ဘက်ခမ်း တက်ရောက်ခဲ့ပုံ။ ဓာတ်ပုံ-Dave Benett)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: David Beckham shows off his incredible bespoke Maserati supercar he designed himself & it’s worth an eye-watering price (the-sun)