ရာသီဥတုပူပြင်းချိန်မှာ ကားမောင်းရင် သတိထားရမယ့်အချက်များ
- 483 views
ရာသီဥတုပူပြင်းချိန်မှာ မောင်းနှင်နေတဲ့ ကားတစ်စီးလုံးရဲ့ အပူချိန်ကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အဲကွန်းအလွန်အကျွံမသုံးပါနဲ့
ကားတစ်စီးရဲ့ အဲကွန်းကို အလွန်အကျွံအသုံးပြုခြင်းကလည်း ကားရဲ့အပူချိန်ကို မြင့်မားစေပါတယ်။ ကား အဲကွန်းကို နံပါတ်အမြင့်ဆုံးနဲ့ ဖွင့်ထားလို့ အတွင်းခန်းမှာ အေးနေပေမယ့် ကားရဲအပြင်ဘက် အစိတ်အပိုင်းကတော့ အင်ဂျင်ရော အဲကွန်းကွန်ပရက်ဆာကပါ လုပ်ဆောင်ချက် မြင့်နေတဲ့အတွက် ကားအပူချိန်ကို မြင့်တက်နေစေပါတယ်။ ဒါကြောင့် ကားအဲကွန်းကို လိုအပ်သလောက်သာ ဖွင့်ပါ။
ဘက်ထရီကလစ်တွေကို စစ်ဆေးပါ
ဘက်ထရီ ကလစ်တွေကို သေချာတွဲဆက်ထားပါစေ။ ဘက်ထရီကြိုးတွေ၊ ကလစ်တွေ မခိုင်မြဲရင် အပူထွက်လာစေပြီး မီးလောင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဘက်ထရီ ကြိုးတွေက ဆက်ရာတွေများနေရင် ဘက်ထရီငုတ်တစ်ခုတည်းမှာ ကြိုးတွေ စုပြုံပြီးတပ်ထားရင် အပူလွန်ကဲမှု ဖြစ်စေတတ်တဲ့အတွက် ဘက်ထရီငုတ်တွေကို သေချာတပ်ဆင်ပါ။ ငုတ်တစ်ခု ကြိုးတစ်ချောင်းသာ တပ်ဆင်ပေးပါ။ ဝိုင်ယာကြိုးဟောင်း၊ ကြိုးအဆွေးတွေ အသုံးပြုခြင်းကို ရှောင်ပါ။
အင်ဂျင် Coolant ရေ သတိပြုပါ
ကားအင်ဂျင်အေးစေဖို့အတွက် အသုံးပြုတဲ့ အင်ဂျင်အအေးခံရည် (Coolant) ကို စစ်ဆေးပေးပါ။ Coolant သည် ဟောင်းနေရင်၊ ရက်လွန်နေရင် စွမ်းဆောင်ရည် ကင်းမဲ့သွားပါတယ်။ အင်ဂျင်ကို အအေးပေးဖို့ အထောက်အကူ မပြုတော့တဲ့အပြင် အင်ဂျင်ကိုပါ ပျက်စီးစေနိုင်ပါတယ်။ အင်ဂျင် Coolant ရည်မရှိရင် လျော့နည်း နေရင်လည်း အင်ဂျင်ကို အပူမြင့်တက်စေပါတယ်။
တာယာလေဖိအားစစ်ဆေးပါ
တာယာအတွက် အသုံးပြုသင့်တဲ့လေဖိအား ပမာဏကို တာယာအရွယ်အစားအလိုက်၊ ကားအမျိုးအစားအလိုက် သတ်မှတ်ထားပါတယ်။ ယေဘုယျအားဖြင့် ရာသီဥတုပူပြင်းချိန်မှာ ပုံမှန်ရာသီဥတုမှာ အသုံးပြုနေတဲ့ လေဖိအားအောက် အနည်းငယ် လျှော့သုံးသင့်ပါတယ်။ လေဖိအားများလွန်းလို့ဖြစ်စေ၊ လျော့နည်းလွန်းရင်ဖြစ်စေ ကားတာယာတွေရဲ့ အပူချိန်ကို မြင့်မားစေပါတယ်။
Credit: carthadinsone