• Home
  • Car News
  • တောင်ကိုရီးယားပြည်သူများ အထူးစိတ်ဝင်စားလျက်ရှိသော ထူးဆန်းသည့် ပြိုင်ကားတစ်စင်း

တောင်ကိုရီးယားပြည်သူများ အထူးစိတ်ဝင်စားလျက်ရှိသော ထူးဆန်းသည့် ပြိုင်ကားတစ်စင်း

  • 746 views

 

ပြိုင်ကားများအကြောင်း ပြောမည်ဆိုလျှင် လူတို့၏ စိတ်အာရုံတွင် ပထမဆုံး ပေါ်လာသည်မှာ Bugatti , Ferrari, Porsche အစရှိသောကားများ ဖြစ်သည်။

ကိုရီးယားထုတ်ကားများသည် ကမ္ဘာ့အမြန်ဆုံး ကားများစာရင်းတွင် ထိပ်တန်းနေရာမှ မပါဝင်ချေ။

သို့သော် မကြာသေးမီက တောင်ကိုရီးယားတွင် လူအများတွေ့ခဲ့သော ထူးခြားသည့် ပြိုင်ကားတစ်စင်းမှာ တွေ့ရသူများစွာကို အံ့သြမင်သက်စေပြီး သိလိုစိတ်များ တဖွားဖွားပေါ်လာစေခဲ့သည်။

 

 

 

အဘယ်ကြောင့်ဆိုလျှင် ထိုကား၏ အမှတ်တံဆိပ်နှင့် မော်ဒယ်ကို မသိကြသောကြောင့် စူးစမ်းလိုစိတ်များ ပေါ်လာစေခြင်း ဖြစ်သည်။

အဆိုပါ ရှားပါးပြိုင်ကားမှာ Epique GT1 ဖြစ်ပြီး လူသိနည်းသော တောင်ကိုရီးယား ကားကုမ္ပဏီ De Macross က ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ထိုအမည်များကို သင့်အနေဖြင့် မကြာဖူးပါက စိတ်မပျက်ပါနှင့်။

 

 

ထိုအမည်များကို မကြားဖူးသည်မှာ သင်တစ်ဦးတည်းသာ မဟုတ်ချေ။

အဆိုပါကား ထုတ်လုပ်မည်ဟု ပထမဦးဆုံးစတင် ကြေညာခဲ့သည်မှာ လွန်ခဲ့သော ၁၃ နှစ်ကျော်က ဖြစ်သော်လည်း ကားနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိခဲ့ကြရ။

ထို့ကြောင့် အများစုက ကားထုတ်လုပ်မည့် အစီအစဉ်မှာ စိတ်ကူးသက်သက်မျှသာ ဖြစ်သည်ဟု မှတ်ယူခဲ့ကြသည်။

 

 

 

သို့သော် ၂၀၁၂ ခုနှစ်တွင် NBC ရုပ်သံလိုင်းမှ အစီအစဉ် တင်ဆက်သူ အမေရိကန်လူရွှင်တော် Jay Leno က သူ၏ ရုပ်သံအစီအစဉ်တစ်ခုတွင် ယခုကားကို မောင်းပြခဲ့ရာ ကားအကြောင်းသတင်းများ ပြန်လည်ပေါ်ပေါက်လာပြန်သည်။

Epique GT1 ကို ထုတ်လုပ်ရာတွင် ကားပစ္စည်းကုမ္ပဏီ အမျိုးမျိုး ၊ Systems ထုတ်လုပ်သူများနှင့် ပူးပေါင်းခဲ့သည့်အပြင် Ford နှင့် Porsche တို့ကဲ့သို့ အထင်ကရ ကားထုတ်လုပ်သူများထံမှ ဒီဇိုင်းအကူအညီများ ရယူခဲ့သည်။

 

 

စင်စစ်ကား ဤကားသည် ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ပေါ်ပေါက်ခဲ့သည့် ဥရောပ Old School ကားများဖြစ်သော Le Mans ပြိုင်ကားများအား ရည်စူးအလေးအမြတ်ပေးသောအားဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အလူမီနီယမ်နှင့် ကာဗွန်ဖိုက်ဘာ Hybrid Chassi တို့အပေါ် အခြေခံထားပြီး ကိုယ်ထည်မှာ hand-made အလူမီနီယမ်ကိုယ်ထည်ဖြစ်သည်။

F1 မှ ဆင်းသက်လာသော Suspension နည်းပညာ ၊ စွမ်းအားကောင်းသော Ford 5.4 liter V8 အင်ဂျင်တို့ အသုံးပြုထားသည်။

 

 

အင်ဂျင်မှာ မြင်းကောင်ရေ ၈၄၅ ရှိပြီး ရုန်းအားမှာ ၇၄၀ lb-ft ရှိသည်။

Six-speed manual transmission မှတဆင့် နောက်ဘီးများဆီသို့ ပါဝါပို့သည်။

အဆိုပါကား နမူနာ ထုတ်လုပ်ခဲ့ချိန်က ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ 0 to 62mph ကို ၃ ဒသမ ၁ စက္ကန့်အတွင်း ရောက်ရှိနိုင်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ ၂၃၀ mph ဖြစ်သည်။

 

 

Epique GT1 ကို Gold Jongsun ဆိုသူက ဓာတ်ပုံရိုက်ကာ သူ၏ အင်စတာဂရမ်အကောင့်တွင် တင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကားမျိုး အစင်း ၂၀၀ ထုတ်လုပ်ရန် မူလက ရည်ရွယ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင်မူ အစင်း ၂၀ မှ ၃၀ ကြားသာ ထုတ်လုပ်ရန် ရည်မှန်းချက် ပြောင်းလဲခဲ့သည်။

 

နောက်ဆုံးတွင်မူ ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန်ခြင်းနှင့် ကုန်ကျစရိတ် ကြီးမားမှုများကြောင့် အဆိုပါ ကုမ္ပဏီ သည် Epique GT1 နမူနာတစ်စင်းသာ ထုတ်လုပ်ခဲ့ရာ ကမ္ဘာပေါ်တွင် တစ်စင်းတည်းသာရှိသော ရှားပါးကား ဖြစ်လာခဲ့သည်။

ကား၏ တန်ကြေးမှာ ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ရှိသည်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  This never-before-seen supercar is leaving people confused  (supercarblondie)