ပြောင်းလဲပြေးဆွဲမယ့် YBS ယာဉ်လိုင်းနံပါတ်အသစ်များကို Bus ကားမှတ်တိုင်တွေမှာ ကပ်ထားမည်
- 408 views
အောက်တိုဘာလ (၁) ရက်နေ့ကစပြီး ကုမ္ပဏီအုပ်ချုပ်မှု မတူတဲ့ YBS ယာဉ်လိုင်းတွေကို နံပါတ်တစ်ခုစီ ပြောင်းလဲပြေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) က ထုတ်ပြန်ထားပါတယ်။
အဲဒီလိုပြောင်းလဲပြေးဆွဲတဲ့အခါ ခရီးသွားတဲ့သူတွေ အဆင်ပြေစေဖို့အတွက် နံပါတ်အသစ်တွေကို YBS မှတ်တိုင်တွေမှာ အသိပေးတဲ့အနေနဲ့ ကပ်ထားပေးမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC )ကနေ သိရပါတယ်။
ပြေးဆွဲပေးမယ့် YBS ယာဉ်လိုင်း ဂိတ်ရင်းတွေမှာ ဗီနိုင်းချိတ်ဆွဲထားတာတွေ၊ Hand Speaker တွေနဲ့ အသိပေးကြေညာတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ အခုလိုပြောင်းလဲပြေးဆွဲရတာဟာ YBS ယာဉ်မောင်းတွေ စည်းကမ်းဖောက်လို့ တိုင်ကြားတဲ့အခါ အရေးယူဖို့ ပိုမိုလွယ်ကူတဲ့အတွက်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မှာ YBS ယာဉ်လိုင်းပေါင်း (၁၁၉) လိုင်းက ယာဉ်အစီးရေ (၃၇၀၀) ကျော်နဲ့ ပြေးဆွဲပေးနေတာဖြစ်ပြီး နေ့စဉ်ခရီးသည် (၁) သန်းကျော်ဟာ YBS ယာဉ်တွေကို အားထားနေကြရတာ ဖြစ်ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com