- Home
- Car News
- ဒုတိယကမ္ဘာစစ်ကို အနိုင်တိုက်ခဲ့သူ၊ စာပေနိုဘယ်ဆုရှင် ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီစီးခဲ့သော မော်တော်ကား
ဒုတိယကမ္ဘာစစ်ကို အနိုင်တိုက်ခဲ့သူ၊ စာပေနိုဘယ်ဆုရှင် ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီစီးခဲ့သော မော်တော်ကား
- 203 views
ဝင်စတန်ချာချီ (မွေး ၁၈၇၄ - ကွယ်လွန် ၁၉၆၅) ၏ အမည်အပြည့်အစုံမှာ ဆာဝင်စတန် လီယိုနတ် စပင်ဆာ ချာချီဖြစ်ပြီး ဗြိတိန် နိုင်ငံခေါင်းဆောင် ၊ စစ်သည် ၊ စာရေးဆရာတစ်ဦးဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ၂ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၀ မှ ၁၉၄၅ ခုနှစ်အထိနှင့် ၁၉၅၁ မှ ၁၉၅၅ ခုနှစ်အထိ ဖြစ်သည်။
ဝင်စတန်ချာချီသည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်ကာလများအတွင်း ဒုတိယကမ္ဘာစစ် အတွေ့အကြုံများ အကြောင်း စာအုပ်ပေါင်းများစွာ ရေးသားခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် စာပေနိုဘယ်ဆု ရရှိခဲ့သည်။
သမိုင်းပညာရှင်တို့က ဝင်စတန်ချာချီကို ဗြိတိန်သမိုင်းတွင် အကြီးမြတ်ဆုံး ဝန်ကြီးချုပ်အဖြစ် မကြာခဏ ရေးသားဖော်ပြကြသည်။
၁၉၄၀ ပြည့်လွန်ကာလများအတွင်း ဝင်စတန်ချာချီ စီးခဲ့သော မော်တော်ကားမှာ ၁၉၃၉ ခုနှစ်ထုတ် Daimler DB18 Drophead Coupe ဖြစ်သည်။
၈ စင်းသာ ထုတ်လုပ်ထားသည့်အနက် တစ်စင်းဖြစ်ကာ ထိုအမျိုးအစား မော်တော်ကားများအနက် ချာချီစီးခဲ့သော ကားသာ ယနေ့တိုင် ကျန်ရှိတော့သည်။
ငွေရောင် ၊ အနက်ရောင်နှင့် ချောကလက်ရောင်များ ရောစပ်ထားကာ ခေါက်သိမ်းနိုင်သည့် အမိုးရှိသော ဤကားကို ဂျာမန်ကားကုမ္ပဏီ Fahrwerk Classics က ပေါင် ၁ သိန်းခန့် အကုန်အကျခံကာ ပြန်လည်မွမ်းမံ ခဲ့ပြီးနောက် eBay တွင် လေလံတင်ရောင်းချခဲ့သည်။
ထို့အပြင် ၂၀၁၆ ခုနှစ်အတွင်းကလည်း လေလံတင်ရောင်းချခဲ့ဖူးသည်။ ဝင်စတန်ချာချီသည် ဤကားကို ၁၉၄၄ မှ ၁၉၄၉ အထိ စီးနင်းခဲ့သည်။
ကားလေလံတင်မှုကို သူမွေးဖွားရာ နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိ Blenheim Palace တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
DB18 မော်ဒယ်များကို ၁၉၃၉ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်မီးကြီး တောက်လောင် လာမှုကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားခဲ့သည်။
ထိုမော်ဒယ်များ ထုတ်လုပ်သည့်စက်ရုံမှာ အင်္ဂလန်နိုင်ငံအလယ်ပိုင်း ၊ Coventry မြို့တွင် တည်ရှိပြီး ၁၉၄၀ မှ ၁၉၄၁ ခုနှစ်အကြား ဂျာမနီက ဗြိတိန်ကို ဗုံးကြဲခဲ့သော The Blitz အမည်ရှိ စစ်ဆင်ရေးအတွင်း ပျက်စီးသွား ခဲ့သည်။
DB18 ၂၃ စင်းထုတ်လုပ်ရန် စီစဉ်ခဲ့သော်လည်း ၈ စင်းသာ ထုတ်လုပ်နိုင်ခဲ့သည်။ ထို ၈ စင်းအနက် ၅ စင်းမှာ ဂျာမန်တို့ ဗုံးကြဲစဉ် ပျက်စီးသွားခဲ့သည်။
ထို့ကြောင့် DB18 မှာ ၃ စင်းသာ ဗုံးဒဏ်မှ လွတ်ကင်းခဲ့သည်။
ဗုံးဒဏ်လွတ်ခဲ့သော ၃ စင်းအနက် ဝင်စတန်ချာချီ စီးခဲ့သော တစ်စင်းသာလျှင် ယနေ့တိုင် ကျန်ရှိတော့သည်။
ချာချီစီးခဲ့သောကား၏ Chassis နံပါတ်မှာ ၄၉၅၃၁ ဖြစ်သည်။
( Daimler DB18 Drophead Coupe ကို ချာချီအတွက် Modify ပြန်လည်ပြုလုပ်ခဲ့ကာ အသံချဲ့စက်စနစ် တစ်ခုလည်း အပါအဝင် ဖြစ်သည်။)
ဝင်စတန်ချာချီက Daimler DB18 Drophead Coupe ကို ၁၉၄၀ မှ ၁၉၅၀ ပြည့်နှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း အထူးပွဲလမ်းများအတွက် အသုံးပြုခဲ့သည်။
ချာချီသည် ဤကားဖြင့် အင်္ဂလန်တစ်ဝန်းရှိ မြို့ပေါင်းများစွာသို့ သွားရောက်ကာ နောက်ခုံတွင် ထိုင်ရင်း ပြည်သူများကို မိန့်ခွန်းပြောခဲ့လေ့ရှိသည်။
ဤကားကို ဂျာမန်ကုမ္ပဏီ Eberhard Thiesen က ပြန်လည်မွမ်းမံမှုများ ပြုလုပ်ပေးခဲ့ရာတွင် ပေါင် ၁ သိန်း ကျော် ကုန်ကျခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Classic car used by Winston Churchill to be auctioned (bbc)