- Home
- Car News
- မက္ကဆီကိုတွင် တရုတ်ထိပ်သီး EV ကုမ္ပဏီများ စက်ရုံဖွင့်ရန် စီစဉ်လာမှုအပေါ် အမေရိကန် ရတက်မအေးဖြစ်
မက္ကဆီကိုတွင် တရုတ်ထိပ်သီး EV ကုမ္ပဏီများ စက်ရုံဖွင့်ရန် စီစဉ်လာမှုအပေါ် အမေရိကန် ရတက်မအေးဖြစ်
- 225 views
● တရုတ်ထိပ်သီး EV ကုမ္ပဏီ ၃ ခု မက္ကဆီကိုတွင် စက်ရုံသစ်များ တည်ထောင်ရန် စီစဉ်နေကြောင်း Financial Times သတင်းတွင် ဖော်ပြ
● Tesla ၏ ပြိုင်ဘက် BYD နှင့် အခြားထိပ်သီးကုမ္ပဏီ ၂ ခု ဖြစ်သော MG နှင့် Chery တို့ စက်ရုံသစ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးနေမှုအပေါ် အမေရိကန် ရတက်မအေးဖြစ်
တရုတ်ထိပ်သီး EV ကုမ္ပဏီကြီး ၃ ခုသည် မက္ကဆီကိုနိုင်ငံတွင် စက်ရုံသစ်များ တည်ထောင်ရန် စီစဉ်နေမှုအပေါ် အမေရိကန်က ရတက်မအေးဖြစ်လျက်ရှိကြောင်း Business Insider သတင်းတစ်ရပ်တွင် ဖော်ပြသည်။
MG, BYD နှင့် Chery တို့သည် မက္ကဆီကိုတွင် စက်ရုံသစ်တည်ထောင်ရန် နေရာများ ကြည့်ရှုနေကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောသည်ဟု Financial Times က ဖော်ပြသည်။
ဝါရှင်တန်အနေဖြင့် အမေရိကန်လျှပ်စစ်ကားဈေးကွက်သို့ တရုတ်ကုမ္ပဏီများ မဝင်စေလိုရာ ယခုရင်းနှီးမြှုပ်နှံမှု မှာ အမေရိကန်အတွက် စိုးရိမ်စရာ ဖြစ်လာသည်။
မက္ကဆီကိုတွင် တည်ထောင်မည့် စက်ရုံများတွင် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံမှ ၂ ဘီလီယံအကြား ကုန်ကျမည့် MG ၏ လျှပ်စစ်ကား စက်ရုံနှင့် Warren Buffett ကျောထောက်နောက်ခံပြု BYD ၏ ဒေါ်လာ သန်းရာပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုတို့ ပါဝင်သည်။
တရုတ်ပြည်၏ လျှပ်စစ်ကား ဈေးကွက်မှာ အလွန်အားကောင်းတိုးတက်လျက်ရှိပြီး ပြည်တွင်းတွင် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်နေသောကြောင့် ပြည်ပသို့ ဈေးကွက်ချဲ့ရန် အရှိန်ဟုန်မြင့် ကြိုးစားလာနေသည်။
တရုတ်ကုမ္ပဏီများသည် လျှပ်စစ်ကား ဘက်ထရီ၏ ကမ္ဘာလုံးဆိုင်ရာ Supply Chain ကဏ္ဍတွင်လည်း ကြီးစိုး ထားရာ ပြိုင်ဘက်အမေရိကန်တို့ထက် EV များကို ပိုမိုဈေးသက်သာစွာဖြင့် ထုတ်လုပ်နိုင်စွမ်းရှိသည်။
အမေရိကန်ပြည်ထောင်စုက ၎င်းတို့၏ ဈေးကွက်ကို ကာကွယ်ရန်အတွက် ယခုလ အစောပိုင်းတွင် စည်းမျဉ်းသစ်များ ထုတ်ပြန်ခဲ့သည်။
သို့သော် မက္ကဆီကိုမှာမူ အမေရိကန်၏ အကြီးမားဆုံးကုန်သွယ်ဘက်အဖြစ် ယခင်က တရုတ်နေရာတွင် အစားထိုးဝင်ရောက်လာသော နိုင်ငံဖြစ်သည့်အပြင် အမေရိကန်၏ နောက်တံခါးလည်းဖြစ်ရာ မက္ကဆီကိုသို့ တရုတ်ကားထုတ်လုပ်သူများ ဈေးကွက်ချဲ့ထွင်လာခြင်းအပေါ် အမေရိကန်က ရတက်မအေး ဖြစ်လာခြင်း ဖြစ်သည်။
အမေရိကန် လွှတ်တော်အမတ်တို့က မကြာသေးမီက သတိပေးခဲ့သည်မှာ တရုတ်ကားထုတ်လုပ်သူများသည် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်မည့် နောက်တံခါးပေါက် ရရှိသွားခြင်းမှ ကာကွယ်ရန် ပိုမိုခိုင်မာသည့် ကုန်သွယ်ရေး စည်းမျဉ်းများ လိုအပ်ကြောင်း ပြောသည်။
မက္ကဆီကိုသည် မကြာသေးမီနှစ်များအတွင်း ကားထုတ်လုပ်သူများအား စွဲဆောင်နိုင်သောနေရာတစ်ခု ဖြစ်လာနေသည်။
အဓိကအားဖြင့် အလုပ်သမားခ ဈေးသက်သာခြင်း ၊ အမေရိကန်ပြည်ထောင်စုနှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက် (FTA) ရှိထားခြင်းတို့ကြောင့် ဖြစ်သည်။
Tesla ကလည်း မက္ကဆီကို အရှေ့မြောက်ပိုင်း Monterrey မြို့အနီးတွင် Gigafactory စက်ရုံတစ်ခု တည်ထောင်ရန် စီစဉ်နေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Chinese EV giants are planning factories in Mexico, and it's alarming US officials: report (businessinsider)