• Home
  • Car News
  • ခွင့်ပြုချက်မရဘဲ စက်သုံးဆီ သယ်ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချတဲ့ စက်သုံးဆီဆိုင် (၁၆) ဆိုင်ကို ယာယီလိုင်စင်ပိတ်သိမ်း

ခွင့်ပြုချက်မရဘဲ စက်သုံးဆီ သယ်ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချတဲ့ စက်သုံးဆီဆိုင် (၁၆) ဆိုင်ကို ယာယီလိုင်စင်ပိတ်သိမ်း

  • 506 views

 

ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီသယ်ဆောင်ပြီး စက်သုံးဆီသတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခဲ့တဲ့ ရန်ကုန်နဲ့မန္တလေးတိုင်းတို့က စက်သုံးဆီဆိုင် (၁၆)ဆိုင်ကို ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းလိုက်ပြီး လိုင်စင်တွေကို ယာယီပိတ်သိမ်းလိုက်တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အဲဒီဆိုင်တွေကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်စီမံခန့်ခွဲရေးနည်းလမ်းအရ ဒဏ်ကြေးသတ်မှတ်ခြင်း ၊ လိုင်စင်ကို ပိတ်သိမ်းတာဖြစ်တယ်လို့ လည်းဖော်ပြထားပါတယ်။

ဒါ့အပြင်စက်သုံးဆီဆိုင်တွေမှာ အခေါက်ခေါက်တန်းစီပြီး တစ်ဆင့်ပြန်လည်ရောင်းချတာကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်တွေက စက်သုံးဆီအရောင်းဆိုင်တွေမှာ ဖြည့်တင်းနိုင်မှု လျော့ကျတဲ့အထိ စက်သုံးဆီဝယ်ယူမှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ခွင့်ပြုချက်မရှိဘဲ တရားမဝင်ရောင်းချတဲ့ စက်သုံးဆီပမာဏနဲ့ တန်ဖိုးမှာ စုစုပေါင်းဂါလံ (၆၉၀၀၀) ကျော်ဝန်းကျင်ခန့်ဖြစ်ပြီး ခန့်မှန်းငွေကျပ်တန်ဖိုး (၇၃၅) သန်းကျော် ၊ ဆီတင်ယာဉ် (၁၁)စီး၊ လိုင်စင်မဲ့ဆီသိုလှောင်ကန်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာ စက်သုံးဆီမပြတ်လပ်ရေး ဆောင်ရွက်နေပြီး တရားမဝင်ဆီသိုလှောင်၊ ရောင်းချ၊ သယ်ဆောင်တာတွေနဲ့ ပတ်သက်ပြီး သိရှိပါက သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို သတင်းပေးပို့ တိုင်ကြားနိုင်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com